မြောက်ကိုရီးယားခေါင်းဆောင် စစ်တပ် စစ်ရေးလေ့ကျင့်မှု ကြည့်ရှု

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင့်မှုကို ကြည့်နေတဲ့ ဓာတ်ပုံတွေကို အစိုးရရုပ်သံ ကေအာရ်တီက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။ ဒီဓာတ်ပုံတွေ စစ်မှန်မှုကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။ ကင်မ်နဲ့အတူ မြောက်ကိုရီးယားစစ်တပ် အထွေထွေ နိုင်ငံရေးဗျူရို ညွှန်ကြားရေးမှူး ဟွမ်ပြောင်းစိုးနဲ့ မြောက်ကိုရီးယား စစ်တပ်ရေးရာဝန်ကြီး ပတ်ယောင်ဆစ်ခ်တို့အပြင် တခြား အဆင့်မြင့် အရာရှိတွေလည်း တက်ရောက်ကြောင်း ကေအာရ်တီက ပြောပါတယ်။ ဘယ်နေရာမှာ လေ့ကျင့်တယ်၊ ဘယ်အချိန်မှာ လုပ်တယ်ဆိုတာတော့ ကေအာရ်တီက မပြောခဲ့ပါဘူး။ တချိန်တည်းမှာပဲ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက နယ်စပ်တလျှောက် ရှေ့တန်းရောက် စစ်သည်တွေနဲ့ တွေ့ဆုံပြီး စစ်ရေး အဆင်သင့်ဖြစ်မှုကို စစ်ဆေးခဲ့ပါတယ်။ သြဂုတ်လကလည်း တောင်ကိုရီးယားက မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်တရားတွေကို အသံချဲ့စက်နဲ့ ဖွင့်ခဲ့တာကြောင့် မြောက်ကိုရီးယားက နယ်စပ်တလျှောက် အမြောက်နဲ့ပစ်ခဲ့လို့ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံကြား အပြန်အလှန် ပစ်ခဲ့ကြပါသေးတယ်။ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးလို့ သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up