ခရစ္စမတ်ကာလအတွင်း တရုတ်တွင် လုံခြုံရေး အဆင့်မြှင့်

ဓာတ်ပုံ - ရိုက်တာ
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ အခု ခရစ္စမတ်ကာလအတွင်း အနောက်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန်နဲ့ ဗြိတိန်အစိုးရတွေက သတိပေးထားတဲ့အတွက် ဘေကျင်းမြို့တော်မှာ လုံခြုံရေး အဆင့်မြှင့်တင်လိုက်ပါတယ်။ ဘေကျင်းမြို့တော်၊ ချောင်ရန် (Chaoyang) ခရိုင်ထဲက ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ ဆန်လီထွန် (Sanlitun) ညဈေးတန်းကို ပစ်မှတ်ထား တိုက်ခိုက်နိုင်တဲ့ သတင်းတွေ ရထားတယ်လို့ အမေရိကန်နဲ့ ဗြိတိန် အာဏာပိုင်တွေက ပြောဆိုပေမယ့် ဒီထက် အသေးစိတ်တော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဒါကြောင့် ဘေကျင်းမြို့တော် ရဲတပ်ဖွဲ့က ခရစ္စမတ်ကာလအတွင်း လုံခြုံရေး ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အ၀ါရောင်အဆင့် ထုတ်ပြန်ထားလိုက်တယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။ လုံခြုံရေး အ၀ါရောင်အဆင့် သတ်မှတ်ချက်အရ လူစည်းကားတဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားမှာဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်း ထားနိုင်တယ်လို့ မသင်္ကာတဲ့ နေရာတွေကို နာရီဝက်တခါ စစ်ဆေးမှာဖြစ်တယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ဆန်လီထွန် ဈေးတန်းဟာ အရက်ဘားတွေ၊ စာသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တန်းတွေ ဖွင့်လှစ်ထားပြီး ကမ္ဘာလှည့်ခရီးသည် အများအပြား သွားရောက်တဲ့ နေရာတခု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up