ဆီးရီးယားနိုင်ငံတွင်း ဗုံးကြဲတိုက်ခိုက်မှု စစ်ရာဇ၀တ်မှုမြောက်ဟု စွပ်စွဲချက် ရုရှား ပယ်ချ

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားနိုင်ငံအတွင်း ရုရှားရဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အရပ်သား ၂၀၀ ကျော် သေဆုံးပြီး စစ်ရာဇ၀တ်မှု မြောက်နိုင်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) က စွပ်စွဲချက်တွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပယ်ချလိုက်ပါတယ်။ Amnesty International အဖွဲ့ကြီးရဲ့ အစီရင်ခံစာဟာ သာမန် အစီရင်ခံစာတစောင်သာဖြစ်ပြီး ထူးထူးခြားခြား မဟုတ်ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ဒီဇင်ဘာ ၂၃ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။ ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်စစ်ဆင်ရေးဆိုပြီး ၀င်ရောက်နှိမ်နင်းမှုမှာ အစုလိုက်၊ အတွဲလိုက်ကွဲတဲ့ ကလတ်စတာဗုံးတွေပါ သုံးစွဲတယ်ဆိုတဲ့ အစီရင်ခံစာရဲ့ စွပ်စွဲချက်ကိုလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆန်ခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ ပထမ ၂ လ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ဆီးရီးယားအရပ်သား ၂၀၀ သေဆုံးခဲ့တဲ့ အထောက်အထား အခိုင်အမာရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လေကြောင်းစစ်ဆင်ရေးတွေကိုလည်း Amnesty International အဖွဲ့ကြီးရဲ့ အစီရင်ခံစာထုတ်ပြန်ဖို့ အသေးစိတ် စုံစမ်းလေ့လာမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ အမေရိကန်နဲ့ မဟာမိတ် လေကြောင်းစစ်ဆင်ရေးတွေအတွင်း ဆီးရီးယားအရပ်သား သေဆုံးမှုတွေကို အမေရိကန်စစ်တပ်က သိပ်ပြီး ၀န်ခံထုတ်ပြန်တာ မရှိပေမယ့် ဒီ ဆီးရီးယားစစ်ကို အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဆီးရီးယားအရပ်သား ရာဂဏန်းကျော် သေဆုံးနိုင်မယ်လို့ ပြောဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up