A d v e r t i s e m e n t With Us

အမေရိကန်တွင် လေဆင်နှာမောင်း အလုံး ၂၀ ခန့် တိုက်ခတ်ခဲ့၊ လူ ၁၀ ဦးခန့် သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းဒေသတွေမှာ ခရစ္စမတ်မတိုင်ခင် ရက်တွေအတွင်း  လေဆင်နှာမောင်းတွေ အလုံး ၂၀ လောက်တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးတယ်လို့ အမေရိကန်အာဏာပိုင်တွေက အတည်ပြုပါတယ်။ မစ်စစ္စပီပြည်နယ်မြောက်ပိုင်းမှာ ဖြတ်တိုက်သွားတာမှာ လူ ၆ ဦး၊ တင်နက်စီပြည်နယ်မှာ လူ ၃ ဦးနဲ့ အာကန်ဆောပြည်နယ်မှာ ၁ ဦး သေဆုံးတယ်လို့ ပြောပါတယ်။ လေဆင်နှာမောင်း လမ်းကြောင်းပေါ်က နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ပြောဆိုပါတယ်။ ကင်တက်ကီပြည်နယ်၊ အယ်လာဘာမားပြည်နယ်၊ အင်ဒီယားနားပြည်နယ်နဲ့ မစ်ဇူရီပြည်နယ်တွေမှာလည်း အခုရက်တွေအတွင်း ရာသီဥတု ဆိုးရွားပြီး လေဆင်နှာမောင်းတွေ တိုက်ခတ်နိုင်တယ်လို့ အမေရိကန် မိုးလေ၀သအေဂျင်စီတွေက ထုတ်ပြန်ထားပါတယ်။ ခရစ္စမတ်အကြိုကာလမှာ အခုလို ရာသီဥတု အခြေအနေမျိုး နှစ်စဉ် ပုံမှန်လို ကြုံတွေ့နေရတယ်လို့ အိုကလာဟိုးမားပြည်နယ် မုန်တိုင်းလေ့လာ စောင့်ကြည့်ရေးစင်တာက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အခုလိုအချိန်မှာပဲ မစ်စစ္စပီအရှေ့တောင်ပိုင်းမှာ လေဆင်နှာမောင်းတွေ ၀င်တိုက်ခဲ့လို့ လူ ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အိုကလာဟိုးမား မုန်တိုင်းလေ့လာစောင့်ကြည့်ရေးစင်တာက ပြောဆိုပါတယ်။ အရင် ၂၀၁၂ ခုနှစ်တုန်းကတော့ တက္ကဆက်နဲ့ အလာဘာမားပြည်နယ်တွေမှာ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up