မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ် တိုက်ပွဲဆက်ဖြစ်
DVB
·
July 18, 2011
ဒီကနေ့ မနက်ပိုင်းက မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်မှာ မြန်မာစစ်တပ်နဲ့ ကချင်ပြည်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)အကြား ၃ ရက်မြောက်အဖြစ် တိုက်ပွဲဆက်ဖြစ်ခဲ့ပါတယ်။
မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံတပ်တွေက ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ချီတက်လာရာမှာ ကေအိုင်အေ တပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အခု မနက်ဖြစ်တဲ့တိုက်ပွဲမှာက အစိုးရတပ်ဘက်က ကေအိုင်အေရဲ့ ချုံခိုတိုက်ခိုက်မှု ဝင်တိုးမိတယ်လို့ ပြောတယ်။ သူတို့က ရွှေညောင်ပင်ကနေ လမ်းလျှောက်ပြီး တက်လာတာ။ တချို့က ကားလမ်းကနေ သွားတယ်၊ ကားလမ်းကနေ သွားတဲ့ အဖွဲ့တွေက ကြိုးတံတားဖြတ်ပြီး ဒဘတ်ယန် ရောက်တဲ့အခါမှာ အပစ်ခံရတယ်ပြောတယ်။ တဖွဲ့ကတော့ ဂါးဒါယန် ရွာထိပ်က တောထဲမှာ အပစ်ခံရတယ်၊ သူတို့က ဒဘတ်ချောင်း မကူးခင် အပစ်ခံ ရတယ် ပြောတယ်။ နှစ်နေရာ ဖြစ်တယ်လို့ ပြောတယ်။”
အဲဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးတွေရှိခဲ့ပြီး တိုက်ပွဲဖြစ်ပြီး မကြာမီ ပြန်ဆုတ်သွားတယ်လို့ ကေအိုင်အေသတင်းရပ်ကွက်အရ သိရ ပါတယ်။
အခုလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းကစလို့ မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်က နန်ဆန်ယန်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပြီး အဝိုင်းခံနေရတဲ့ ခလရ ၂၁ ကို စစ်ကူပေးဖို့နဲ့ နယ်မြေ ပြန်လည်စိုးမိုးနိုင်ရေးအတွက် မပခလက်အောက်ခံတပ်တွေက မနေ့ကတည်းက မြစ်ကြီးနားကနေ ချီတက်လာတာဖြစ်ပြီး စစ်ကြောင်းတွေမှာ ပေါ်တာ အထမ်းသမားတွေကို အသုံးပြုထားတယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
“နှစ်ဖွဲ့စလုံး လမ်းလျှောက်လာတာ။ တပ်ကတော့ မပခတပ်လို့ ပြောတယ်။ မြစ်ကြီးနားကလာတာ၊ မနေ့ညက ရွှေညောင်ပင် အိပ်တဲ့ အဖွဲ့တွေ၊ တဖက် စစ်ကြောင်းကို ၁ဝဝ ကျော်ပါတယ် ပြောတယ်။ ပေါ်တာက ၁ဝ ယောက် ကျော် တွေ့တယ်တဲ့။ ဒီဘက် ကဇူးကို ဖြတ်တဲ့ အဖွဲ့တွေကတော့ ပေါ်တာ ၁ဝ ကျော်ပါတယ်တဲ့။ အဲဒါရွာသားတွေ မြင်လိုက်ရတာလေ။ ဂါးဒါယန်ရွာထိပ်ကနေ ဒဘတ်ချောင်းကူးဖို့ ကြိုးစားတဲ့အဖွဲ့တွေကတော့ ပေါ်တာဘယ်လောက်ပါတယ် မသိဘူး။ သူတို့လည်း တောလမ်းကနေ ဖြတ်တာ။”
အခုလို တိုက်ပွဲဖြစ်နေစဉ်မှာပဲ မနေ့က ဆင်ဘိုဘက်ကနေ ချီတက်လာတဲ့ မြန်မာ စစ်တပ်တွေနဲ့လည်း ကေအိုင်တပ်ဖွဲ့အကြား ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာ တိုက်ပွဲတွေ စဖြစ်နေပြီလို့ သတင်းတွေ ပေါ်ထွက်နေပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။