A d v e r t i s e m e n t With Us

လက်ဝတ်ရတနာဝယ်လျှင် သေနတ်လက်ဆောင်ပေးသည့် ဆိုင်

စတိုးဆိုင်ပိုင်ရှင် ဂျက်စီဇာရော့ဇ်။
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် ဒဲလန်းမြို့က လက်ဝတ်ရတနာဆိုင်တဆိုင်ဟာ ခရစ္စမတ်ကာလ အထူးအရောင်းမြှင့်တင်တဲ့အနေနဲ့ လက်ဝတ်ရတနာဝယ်ရင် သေနတ်လက်ဆောင်ပေးနေတယ်လို့ ယူပီအိုင်သတင်းမှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ ဒဲလန်းမြို့က The Downtown Goldsmith Jewelry & Engraving and 2nd Amendment Firearms အမည်ရတဲ့ စတိုးဆိုင်ဟာ နှစ်ကုန်အထူးအရောင်းမြှင့်တင်တဲ့ အနေနဲ့  အမေရိကန်ဒေါ်လာ ၄၅၀ နဲ့အထက် လက်ဝတ်ရတနာဝယ်ယူသူတွေကို အနီးပစ် သေနတ်တလက် လက်ဆောင်ပေးနေတာပါ။ ဆိုင်ပိုင်ရှင် ဂျက်စီဇာရော့ဇ်က ဒါဟာ တတိယမြောက် နှစ်ပတ်လည် အရောင်းမြှင့်တင်ပွဲ ဖြစ်တယ်လို့ WKMG-TV သတင်းကို ပြောပါတယ်။ "သင့်ဇနီးအတွက် လက်ဝတ်ရတနာတခုခု ၀ယ်ပေးမယ်ဆိုရင် သင့်အတွက် သေနတ်တလက် အလကားရနိုင်ပါတယ်၊ ဒါက သူတို့ဇနီးတွေအတွက် လက်ဝတ်ရတနာ ၀ယ်ပေးဖို့ ဆွဲဆောင်မှုတခု ဖြစ်နေတာ" လို့ သူက ပြောပါတယ်။ “ဒီနှစ်မှာ ကျမဆိုင်ကို အမျိုးသမီး တော်တော်များများ လာကြပါတယ်။ သူတို့အတွက် လက်ဝတ်ရတနာဝယ်ပြီး သေနတ်ကို သူတို့အမျိုးသားတွေကို ပေးကြတယ်။ ဒါမှမဟုတ် အမျိုးသားတွေကို လက်စွပ်တွေဝယ်ပေးပြီး သေနတ်ကို သူတို့အတွက် သိမ်းထားတာမျိုးပေါ့” သေနတ်ကို လက်ဆောင်ရယူမယ့်သူ အနေနဲ့ သေချာ ရှာဖွေစစ်ဆေးခံပြီးမှ ပေးတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ “စစ်ဆေးမှုကို မဖြတ်သန်းဘဲ သူတို့ သေနတ်ကို မရနိုင်ပါဘူး။ ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှ ဒီလိုခွင့်ပြုမထားပါဘူး” လို့ ဂျက်စီဇာရော့ဇ်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up