A d v e r t i s e m e n t With Us

ဆီးရီးယား အစိုးရတပ်များ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအပြီး ထွက်ပေါ်လာသည့် ရုပ်သံ

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်မြို့ပြင်က မြို့တမြို့ကို ဆီးရီးယား အစိုးရတပ်တွေက ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုလုပ်အပြီး အခြေအနေလို့ ပြောထားတဲ့ ရုပ်သံတွေ ဒီဇင်ဘာ ၂၂  ရက်က လူမှုကွန်ရက် အင်တာနက်ပေါ် ရောက်လာပါတယ်။ မိုအာဒါမီယာ အယ်လ်ရှမ်းမြို့မှာ ရိုက်ကူးထားတာဆိုတဲ့ ရုပ်သံထဲ ဆေးရုံတရုံမှာ လူနာတွေ ကြပ်ညပ်နေပုံနဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ဆေးဝန်ထမ်းတွေက ကုသဖို့ ကြိုးစားနေပုံတွေကို ပြထားပါတယ်။ ရုပ်သံထဲက ဘယ်တယောက်မှ ဒဏ်ရာရတဲ့ လက္ခဏာကို မမြင်ရပေမယ့် ၃ ဦးလုံးဟာ အဆုတ်တွေထဲမှာ ကိုယ်တွင်းသွေးယိုတဲ့ ဝေဒနာ ခံစားနေခဲ့ရတယ်လို့ အမျိုးသားတဦးရဲ့ အသံက ရှင်းပြပါတယ်။ ဒီရုပ်သံရဲ့ စစ်မှန်မှုကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။ ဆီးရီးယားသမ္မတ ဘတ်ရှား အယ်လ် အာဆတ် အစိုးရက ဓာတုလက်နက်တွေကို ၂၀၁၃ မှာ စွန့်လွှတ်ဖို့ သဘောတူခဲ့တာပါ။ ဒမတ်စကတ်မြို့စွန်မှာ ဆာရင်း အဆိပ်ဓာတ်ငွေ့နဲ့ အကြီးစား တိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။ ဆီးရီးယား စစ်မြေပြင်တွေက ကလိုရင်းနဲ့ ပတ်စတာ့ခ်ျ ဓာတ်ငွေ့ မတော်တဆမှုတွေ လတ်တလော ဖြစ်နေတာက ပြည်တွင်းစစ်အတွင်း ဓာတုလက်နက်တွေ သုံးမှုက ပုံမှန် ဖြစ်လာနေတယ်ဆိုတာ ပြနေတယ်လို့ အမေရိကန်အရာရှိတယောက်က ဒီဇင်ဘာ ၂၁ ရက်နေ့က ပြောပါတယ်။ ဆီးရီးယားအစိုးရက သူတို့မှာရှိတယ်လို့ ကြေညာထားတဲ့ ဓာတုလက်နက် တန်ချိန် ၁၃၀၀ ကို ဓာတုလက်နက် တားမြစ်ရေးအဖွဲ့လက်ထဲ ၂၀၁၄ ဇွန်လက လွှဲပေးခဲ့ပြီးပါပြီ။ အနောက်ဥရောပ အစိုးရတွေကတော့ ဆီးရီးယားအစိုးရက သူ့ဓာတုလက်နက်တိုက် တခုလုံးကို ကြေညာပါ့မလားဆိုတာ သံသယရှိကြောင်း ပြသခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up