A d v e r t i s e m e n t With Us

အရပ်သားအစိုးရကို လွှမ်းမိုးမည့် ကာလုံဥပဒေကြမ်း လွှတ်တော်တွင် စတင်ဖြန့်ဝေ

အရပ်သားအစိုးရကို လွှမ်းမိုးထားမယ့် ကာလုံဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၁ ရက် က အမျိုးသားလွှတ်တော်မှာ စတင်ဖြန့်ဝေခဲ့ပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းတခုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံ စတင်ဖြန့်ဝေပေးခဲ့တာဖြစ်ပြီး ဥပဒေကြမ်းပါ သတ်မှတ်ချက်တွေအရ သမ္မတဟာ ကာလုံမှာ သဘာပတိအဖြစ်ပဲ ရှိနေပြီး မဲပေးခွင့်လည်း မရဘူးလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြပါတယ်။ “ကာလုံ ၁၁ ယောက်မှာ  စည်းဝေးလုပ်ရင် သမ္မတက သဘာပတိလုပ်ရမယ်ဗျာ။ သဘာပတိက မဲပေးခွင့် မရှိဘူး။ ကျန်တဲ့သူတွေပဲ မဲပေးရမယ်လို့ ပြောတယ်။ ကျန်တဲ့သူဆိုတဲ့အတွက် တပ်မတော်ဘက်က ၆ မဲ ဖြစ်နေတာပေါ့။ ကျန်တာက ၄ မဲပဲ ကျန်တာပေါ့။ မဲတူမှ သမ္မတ သဘာပတိက မဲပေးရမယ်ဆိုတော့ မဲက တူစရာ ရှိပါ့မလားဗျာ။” အဖွဲ့ဝင် ၁၁ ယောက်ပါ ကာလုံ လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာချုပ်ကခန့်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီး ၃ ယောက်နဲ့ တပ်ဘက်ကတင်မယ့် ဒုသမ္မတ တယောက် အားလုံး ၆ယောက် ပါဝင်ပါတယ်။ ကျန် ၅ ယောက်က သမ္မတ၊ ဒုသမ္မတတယောက်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံခြားရေးဝန်ကြီး ၁ ယောက်တို့ ဖြစ်ပါတယ်။ ဒီဥပေဒကြမ်းကို အခု ကျန်နေသေးတဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း အပြီးသတ် အတည်ပြုဖို့ အကြောင်းရှိတယ်လို့လည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ တခါ အခု ဖြန့်ဝေလိုက်တဲ့ ကာလုံဥပဒေမူကြမ်းထဲမှာ တိုင်းပြည်ထဲ အရေးပေါ် အခြေအနေ ကြေညာတဲ့အခါ သမ္မတ မသိဘဲ ကြေညာလို့ရအောင် ထည့်သွင်းရေးဆွဲထား တယ်လို့လည်း ပြောပါတယ်။ “အရေးပေါ်စီမံဖို့ လိုလို့ရှိရင် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ကပဲ ကျန်တဲ့သူတွေ သိစရာ မလိုဘဲ အစည်းအဝေးခေါ်ပြီးတော့ သမ္မတကို တင်ပြလို့ ရတယ်။ အရေးပေါ်စီမံဖို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌတွေပါ အစည်းအဝေးခေါ်စရာ မလိုဘူးပေါ့ဗျာ။” ဒီဥပဒေအတိုင်း အတည်ပြုလိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်လောက် အခွင့်အာဏာ မရှိသလို ဖြစ်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အငြိမ်းစားယူမယ့် သမ္မတကို အကာအကွယ်ပေးထားတဲ့ ဥပဒေကြမ်းတခု လွှတ်တော်မှာ တင်ခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up