စီရင်ချက်က မျှတမှုရှိဟု အသတ်ခံရသည့် ဗြိတိန်မိသားစုဝင်ပြော (ရုပ်သံ)

6.9K
ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက သေဒဏ်ချမှတ်လိုက်တဲ့ စီရင်ချက်ဟာ မျှတမှုရှိတယ်လို့ ဒေးဗစ်မေလာ မိသားစုတွေက ပြောပါတယ်။
စီရင်ချက်ချမှတ်အပြီး အသတ်ခံရတဲ့ ဒေးဗစ်မေလာ မိသားစုဝင်တွေက တရားရုံးရှေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီနေ့ရလဒ်ကတော့ ဒေးဗစ်နဲ့ ဟန်နာအတွက် တရားမျှတမှုရှိတယ်လို့ ယုံကြည်တယ်လို့ ဒေးဗစ်မိသားစုဝင်တဦးက ပြောပါတယ်။
ကနဦးပိုင်းမှာ ဇော်လင်းနဲ့ဝေဖြိုးကို သံသယနဲ့ ဖမ်းဆီးထားတာကို လူအတော်များများလို သူတို့ကလည်း ဘာတွေးရမလဲဆိုတာ မသေချာဖြစ်ခဲ့သလို အပြစ်မဲ့သူ ၂ ဦးကို ထိုင်းရဲတွေက ၀ိုင်းရံထားတဲ့ ပုံတွေကိုလည်း တွေ့ခဲ့အတွက် သူတို့တတွေဟာ ကြားကနေ အချောင်ခံရတဲ့သူတွေ ဆိုတဲ့အမြင်တွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း သက်သေအထောက်အထားတွေကို သိရှိကြားသိရတဲ့အထိ ပွင့်လင်းတဲ့ စိတ်နဲ့ လေ့လာခဲ့တယ်လို့ ဒေးဗစ်မိသားစုဝင်တွေက ပြောပါတယ်။
အယူခံဝင်ဖို့ လက်မှတ်ရေးထိုးတာ ရန်ပုံငွေကောက်ခံတဲ့ လှုပ်ရှားမှုတွေအထိ အမှုကလည်း ကျယ်ပြန်လာသလို တက်ကြွလှုပ်ရှားသူ အုပ်စုတွေကလည်း ပါဝင်လာတယ်လို့ ဆိုပါတယ်။
ဇော်လင်းနဲ့ ဝေဖြိုးတို့လည်း တရားရုံးမှာ ကိုယ်စားပြုကာကွယ်ပေးမယ့် ရှေ့နေတွေ ရရှိခဲ့သလို ရုံးချိန်းတော်တော်များများကိုလည်း တက်ရောက်ကြားနာခဲ့ပြီးတရားရုံးကို လေးစားမှုရှိလာတယ်လို့ ပြောပါတယ်။
ဒါအပြင် တရားသူကြီးတွေရဲ့ အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း ချီးကျူး ပြောဆိုသွားသလို တရားရုံးနဲ့ ချမှတ်တဲ့ အမိန့်ကိုလည်း လေးစားတယ်လို့ ဒေးဗစ်မိသားစုဝင်က ပြောပါတယ်။
သက်သေအထောက်အထားတွေကို သေချာနားထောင်ပြီးတော့ ဝေဖြိုးနဲ့ ဇော်လင်းတို့ ၂ ဦး ကို စွဲဆိုထားတဲ့သက်သေတွေက ခိုင်လုံသလို မုဒိမ်းမှုကို ကျူးလွန်ပြီး ဒါကို ဖျောက်ဖျက်ဖို့ သတ်ဖြတ်ခဲ့တယ်ဆိုတာကို ချေဖျက်ဖို့ တရားရုံးမှာ တစုံတရာ မစွမ်းဆောင်နိုင်ဘူးလို့ မိသားစုဝင်တွေက ထင်မြင်တယ်လို့ ဆိုပါတယ်။
ဒါအပြင်ကနဦးက သတ်ဖြတ်တယ်ဆိုတာကို ၀န်ခံခဲ့သလို တရားမျှတမှုကို ရှောင်ရှားဖို့ ပြန်လည် ငြင်းဆန်ခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြပြောဆိုပါတယ်။
ဒီအမှုကို မထောက်မညှာ ဝေဖန်နေတဲ့ စည်းရုံးလှုပ်ရှားသူတွေကလည်း တရားဥပဒေရဲ့ ဖြစ်စဉ်နဲ့ တရားရုံးကို လေးစားမယ်လို့ မျှော်လင်တယ်လို့ ဆိုပါတယ်။
မှန်ကန်တဲ့ စီရင်ချက်ကို ချမှတ်နိုင်တယ်လို့ ယုံကြည်တယ်လို့လည်း မိသားစုဝင်က ပြောပါတယ်။
ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာ ၂၄ နှစ်နဲ့ ဟန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။