အာကာသထဲ လွှတ်လိုက်သည့် ဒုံးပျံ ပထမဆုံးအကြိမ် မြေပေါ် အတည့်ပြန်ကျ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် အာကာသအေဂျင်စီ (နာဆာ) က ငှားရမ်းထားတဲ့ ပုဂ္ဂလိကဂြိုဟ်တုလွှတ်တင်ရေး ကုမ္ပဏီ စပေ့စ် အိပ်စ် (SpaceX) ဟာ အာကာသထဲ လွှတ်တင်လိုက်တဲ့ ဒုံးပျံကို မြေပြင်ပေါ် အတည့်ပြန်ကျအောင် ပထမဆုံး အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် အာကာသလုပ်ငန်း တခေတ်ဆန်းသစ်စေခဲ့တယ်လို့ နာဆာက ပြောပါတယ်။ ဒီဇင်ဘာ ၂၁ ရက်က ဖလော်ရီဒါပြည်နယ်၊ ကေ့ဗ် ကင်နာဗာရယ်လ် (Cape Canaveral) ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ ဖဲလ်ကွန် နိုင်း (Falcon 9) ဒုံးပျံကို ဆက်သွယ်ရေးဂြိုဟ်တု ၁၁ လုံးနဲ့ လွှတ်တင်လိုက်ပြီး ဒုံးပျံဟာ ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်ပြီးတာနဲ့ အာကာသစခန်းမှာပဲ အတည့်ပြန်လည်ဆင်းသက်ခဲ့တာပါ။ ဒုံးပျံလွှတ်စင်နဲ့ ၆ မိုင်အကွာနေရာကို ပြန်ဆင်းချိန် ၁၀ မိနစ်အတွင်း အတိအကျ ပြန်လည်ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို အောင်မြင်ခဲ့တဲ့အတွက် နောက်ပိုင်း ဒုံးပျံတွေကို အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်ပြီး ပုဂ္ဂလိက ဂြိုဟ်တုလွှတ်တင်ရေး ကုမ္ပဏီတွေအတွက်လည်း ကုန်ကျစရိတ် အတော့်ကို သက်သာသွားမယ်လို့ ဆိုပါတယ်။ စပေ့စ် အိပ်စ် ကုမ္ပဏီဟာ ဒီဒုံးပျံမတိုင်ခင် ဇွန်လတုန်းက နိုင်ငံတကာ အာကာသစခန်းအတွက် ထောက်ပံ့ရေးဂြိုဟ်တုတလုံး လွှတ်တင်ခဲ့ပေမယ့် လမ်းမှာ ပေါက်ကွဲပျက်စီးခဲ့တာပါ။ အဲ့ဒါမတိုင်ခင်ကတော့ ဒုံးပျံတွေကို ၁၈ ကြိမ်တိတိ အမှားအယွင်းမရှိ လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီ စပေ့စ် အိပ်စ် ပုဂ္ဂလိက ဂြိုဟ်တုလွှတ်တင်ရေး ကုမ္ပဏီကို နာဆာရဲ့ အာကာသလုပ်ငန်း သက်သာချောင်ချိရေး အစီအစဉ်နဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံနဲ့ ငှားရမ်းထားပြီး နိုင်ငံတကာ အာကာသစခန်းကို ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up