မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးမှာ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ စီရင်ချက်ချမှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံသား ဒေးဗစ် မဲန်လာ ၂၄ နှစ်နဲ့ ဟဲန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလူသတ်မုဒိမ်းမှုမှာ မြန်မာလူငယ်နှစ်ဦး ကျူးလွန်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ဒီလူငယ်နှစ်ဦးက ကနဦးပိုင်းမှာ ရဲထံ ဖြောင့်ချက်ပေးခဲ့တာဟာ စစ်ဆေးစဉ်ကာလက ရိုက်နှက်ဝန်ခံခိုင်းမှုနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တကယ်မကျူးလွန်ဘဲ ဖြောင့်ချက်ပေးခဲ့တာပါလို့ ဖြောင့်ချက်ကို တရားဝင် ပြန်ရုပ်သိမ်းခဲ့သလို တရားရုံးမှာလည်း ထွက်ဆိုခဲ့ပါတယ်။
ဒီအမှုကို ကိုင်တွယ်မှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က ဒီလူငယ် ၂ ဦးကို ဒီအန်အေ ပြန်လည်စစ်ဆေးခွင့် ပြုခဲ့ပါတယ်။
ဒီနောက် ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ မှုခင်းဆရာဝန်ကြီး ဒေါက်တာပွန်ထစ်ကိုယ်တိုင် စစ်ဆေးရာမှာ လူသတ်မှုမှာ သုံးစွဲတဲ့ ပေါက်တူးရိုး ဒီအန်အေနဲ့ တရားခံ လူငယ် ၂ ဦးရဲ့ ဒီအန်အေဟာ မတူညီဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
တရားစွဲခံနေရတဲ့ မောင်ဝင်းဇော်ထွန်းရဲ့ အမေဖြစ်သူ ဒေါ်မေသိန်းကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။