ထိုင်းဝန်ကြီးချုပ်၏ လူထုအတွက် နှစ်ကူးလက်ဆောင်သီချင်း (ရုပ်သံ)

886
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒုတိယမြောက် သီချင်းတပုဒ်ကို ရေးသား ထုတ်ဝေလိုက်ပါတယ်။
ပြည်တွင်းနဲ့ ပြည်ပမှာ ဝေဖန်မှုကြောင့် ဖိအားတွေ မြင့်တက်လာတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအတွက် လူထုရဲ့ ထောက်ခံမှုကို ရရှိဖို့ ထုတ်ဝေလိုက်တာလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။
သီချင်းခေါင်းစဉ်ကတော့ သင်ဟာ ထိုင်းနိုင်ငံဖြစ်နေတာကြောင့်လို့ အဓိပ္ပာယ်ရပြီး အစိုးရ အိမ်တော်မှာ ဒီဇင်ဘာ ၂၂ ရက်က သတင်းထောက်တွေကို ဖွင့်ပြခဲ့တာ ဖြစ်ပါတယ်။
လူထုအတွက် နှစ်ကူးလက်ဆောင်အဖြစ် ၀န်ကြီးချုပ်က ရေးဖွဲ့ထားတာဖြစ်ပြီး အစိုးရက တိုင်းပြည်ကို ဦးဆောင် ထိန်းကြောင်းနေတာကို ကူညီဖို့လည်း သီချင်းမှာ ရေးပါတယ်။
“ကျနော့်မှာ လက် ၂ ဘက်နဲ့ တယောက်တည်း အသက်ရှင်နေရတာ ဖြစ်ပါတယ်၊ အိပ်မက်တွေ အမှန်ဖြစ်လာအောင်လုပ်ဖို့ လုံလောက်တဲ့ စွမ်းအားမရှိပါဘူး။ ဒါပေမယ့် အားလုံးပူးပေါင်းပြီး အတူတကွ ရှင်သန်မယ်ဆိုရင် မျှော်လင့်တဲ့ရက်က မဝေးတော့ပါဘူး” လို့ စာသားတွေက ရေးထားပါတယ်။
သီချင်းမှာသုံးထားတဲ့ ကျနော်ဆိုတာ သူတယောက်တည်းကို ဆိုလိုတာ မဟုတ်ဘဲ မီဒီယာတွေပါ ပါတယ်လို့ ပရာယွတ်က ပြောပါတယ်။
အစိုးရရဲ့ အောင်မြင်အောင် လုပ်ဆိုင်နိုင်ခဲ့တဲ့ တနှစ်တာ လုပ်ဆောင်ချက်တွေကို လူထုကို တင်ပြမယ့် ရက်မတိုင်မီ သီချင်းကို ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် လူထုနားဆင်ဖို့ ရုပ်မြင်သံကြားလိုင်းတွေနဲ့ အင်တာနက် ယူကျုကနေလည်း ထုတ်လွှင့်ထားပါတယ်။
ဒီသီချင်းဟာ ပရာယွတ်ရဲ့ ဒုတိယမြောက် သီချင်းဖြစ်ပြီး ယင်လတ်ရှင်နာဝပ် အစိုးရဆီကနေ အာဏာသိမ်းပြီး တလအကြာမှာလည်း ပထမဆုံး သီချင်းတပုဒ်ကို ရေးဖွဲ့ခဲ့ပါတယ်။
ထိုင်းနိုင်ငံကို ပျော်ရွှင်မှု ပြန်လည်ယူဆောင်ပေးခြင်းလို့ ခေါင်းစဉ်ပေးထားတဲ့ သီချင်းကို ရေးဖွဲ့ခဲ့ပါတယ်။
ဒီသီချင်းမှာ အာဏာသိမ်းရတဲ့ အကြောင်းအရင်းနဲ့ ဒီမိုကရေစီကို ပြန်မယူဆောင်မီ ပြဿနာတွေ ပတ်လည်ဝိုင်းနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကို ဖြေရှင်းရာမှာ အချိန်တခု စောင့်ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။