A d v e r t i s e m e n t With Us

နိုင်ငံအကြီးအကဲတာဝန် လွှဲပြောင်းမှု နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

ဓာတ်ပုံ - Hmuu Zaw Facebook
အစိုးရတာဝန်တွေကို စနစ်တကျ လွှဲပြောင်းပေးနိုင်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့တို့ ဒီဇင်ဘာ ၂၂ ရက်နေ့က နေပြည်တော် ရုံးတော်အမှတ် ၁၈ မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှုအခမ်းအနားနဲ့ ၀န်ကြီးဌာန လွှဲပြောင်းမှုအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။ “ဆွေးနွေးတာကတော့ ၂ ပိုင်းဗျာ။ ပထမတပိုင်းကတော့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမယ့် အခမ်းအနားပေါ့နော်။ သမ္မတအိမ်တော်မှာ ကျင်းပမယ့် ကိစ္စပေါ့နော်။ နောက်အပိုင်း ၂ ကတော့ အခု ၀န်ကြီးဌာနတွေ လွှဲပြောင်းမှု စနစ်တကျ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ် အဲဒီနှစ်ခု ဆွေးနွေးကြတာပေါ့။” ဒီအစည်းအဝေးမှာ အစိုးရတာဝန် လွှဲပြောင်း အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနဲ့ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေးအဖွဲ့မှာ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲဟာ တာဝန်လွှဲပြောင်းရေးကိစ္စနဲ့ ပတ်သက်ပြီး ကော်မတီနှစ်ခုရဲ့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ ဆွေးနွေးကြတာဖြစ်ပြီး နောက်ဆွေးနွေးပွဲကိုတော့ နှစ်ဘက်ညှိနှိုင်းပြီး ရက်သတ်မှတ်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့တုန်းကတော့ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပြီး တာဝန်လွှဲပြောင်းရေးအတွက် အစိုးရဘက်က ကော်မတီနဲ့ အန်အယ်လ်ဒီပါတီဘက်က အသွင်ကူးပြောင်းရေးအဖွဲ့တို့ မိတ်ဆက်တဲ့ တွေ့ဆုံမှု လုပ်ဆောင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up