အာဖဂန်ရှိ အမေရိကန် လေတပ်စခန်းအနီး အသေခံဗုံးခွဲမှုကြောင့် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံး (ရုပ်သံ)

2.6K
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မြောက်ဘက် ဘဂရမ်း (Bagram) အမေရိကန် လေတပ်စခန်းအနားမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က အသေခံဗုံးပေါက်ကွဲမှုဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
တခြားတပ်ဖွဲ့ဝင် ၆ ဦးလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ ဘဂရမ်းလေတပ်စခန်းအနီး ကင်းလှည့်နေချိန် အသေခံဗုံးခွဲသူတဦးက ဆိုင်ကယ်စီးလာကာ ကပ်ပြီးခွဲခဲ့တာဖြစ်ပြီး တာလီဘန်တွေက သူ့တို့ရဲ့လက်ချက်လို့ တာဝန်ခံ ကြေညာထားပါတယ်။
နိုင်ငံတောင်ပိုင်းက ဟာမာလ်ပြည်နယ်၊ အချက်အချာကျတဲ့ ဆန်ဂင်း (Sangin) မြို့ကိုလည်း တာလီဘန်တွေ တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားနေပြီး မကြာခင် တာလီဘန်တွေလက်အောက် ကျရောက်သွားနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး အစိုးရတပ်စစ်ကူနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အချိန်မီမရရင် ဟာမန်ပြည်နယ်တခုလုံး တာလီဘန်တွေလက်အောက် ကျရောက်သွားနိုင်တယ်လို့လည်း ဟာမန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ ရက် တိုက်ပွဲတွေအတွင်း အာဖဂန်တပ်ဖွဲ့ဝင် အများအပြား သေဆုံးတယ်လို့ ပြောဆိုပေမယ့် အရေအတွက် အတိအကျတော့ မပြောဆိုပါဘူး။
ဟာမန်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေ အတော်ကို ပျက်ပြားလာတဲ့အတွက် အမေရိကန် အထူးတပ်ဖွဲ့တွေ ဟာမန်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် အာဖဂန် နေတိုးဌာနချုပ်ကတော့ အတည်မပြုပါဘူး။
အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့အများစု ၂၀၁၄ နှစ်ကုန်က ပြန်ရုပ်သိမ်းခဲ့ပြီးနောက်ပိုင်း တာလီဘန်တွေက နိုင်ငံအရှေ့၊ မြောက်နဲ့ တောင်ပိုင်းဒေသတွေကို ပြန်လည်သိမ်းပိုက်လာကြတာပါ။
လက်ရှိ အာဖဂန်နစ္စတန်မှာ နေတိုး နိုင်ငံတကာတပ်ဖွဲ့ဝင် ၁၂၀၀၀ လောက် ဆက်လက်တပ်စွဲထားပြီး အာဖဂန်တပ်ဖွဲ့တွေကို ထောက်ပံ့ရေးအဓိက ဆောင်ရွက်နေကြတာပါ။