Home
မေးမြန်းခန်း
လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် ကြိုတင်ပြင်ဆင်ထားပြီးပြီ- ရှေ့နေ ဦးအောင်မျိုးသန့်
အေးနိုင်
·
December 22, 2015
မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးမှာ လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့ စီရင်ချက်ချမှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံသား ဒေးဗစ် မဲန်လာ ၂၄ နှစ်နဲ့ ဟဲန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလူသတ်မုဒိမ်းမှုမှာ မြန်မာလူငယ်နှစ်ဦး ကျူးလွန်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။ ဒီလူငယ်နှစ်ဦးက ကနဦးပိုင်းမှာ ရဲထံ ဖြောင့်ချက်ပေးခဲ့တာဟာ စစ်ဆေးစဉ်ကာလက ရိုက်နှက်ဝန်ခံခိုင်းမှုနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တကယ်မကျူးလွန်ဘဲ ဖြောင့်ချက်ပေးခဲ့တာပါလို့ ဖြောင့်ချက်ကို တရားဝင် ပြန်ရုပ်သိမ်းခဲ့သလို တရားရုံးမှာလည်း ထွက်ဆိုခဲ့ပါတယ်။ ဒီအမှုကို ကိုင်တွယ်မှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က ဒီလူငယ် ၂ ဦးကို ဒီအန်အေ ပြန်လည်စစ်ဆေးခွင့် ပြုခဲ့ပါတယ်။ ဒီနောက် ထိုင်းနိုင်ငံမှာ ထင်ရှားတဲ့ မှုခင်းဆရာဝန်ကြီး ဒေါက်တာပွန်ထစ်ကိုယ်တိုင် စစ်ဆေးရာမှာ လူသတ်မှုမှာ သုံးစွဲတဲ့ ပေါက်တူးရှိ ဒီအန်အေနှင့် တရားခံ လူငယ် ၂ ဦးရဲ့ ဒီအန်အေဟာ မတူညီဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ တရားခံလူငယ်နှစ်ဦးဘက်က လိုက်ပါဆောင်ရွက်တဲ့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ လာမယ့် ၂၄ ရက်နေ့ လိပ်ကျွန်းလူသတ်မှုက ဆုံးဖြတ်ဖို့ ရက်ချိန်းပေးထားတော့ ဘာတွေ ဦးလေးတို့ ပြင်ဆင်ကြသလဲခင်ဗျာ။ “ကျနော်တို့ဘက်ကတော့ လောလောဆယ်မှာ ၂၄ ရက်နေ့ အမိန့်အတွက်ကို သံရုံးကနေပြီးတော့ ဒု-အတွင်းဝန် အပါအ၀င် ၄ ဦး အဲဒီအမိန့်နားထောင်ဖို့၊ သွားဖို့အတွက်ကို စီစဉ်ထားပါတယ်။ ရှေ့နေအဖွဲ့ (တရားခံများဘက်မှ လိုက်ပါဆောင်ရွက်ကြသည့် ရှေ့နေများ) တွေ အနေနဲ့ကလည်း အဲဒီနေ့မှာ သူတို့အဖွဲ့က ၇ ယောက်လာပြီးတော့ အမိန့်နားထောင်မယ်လို့ ပြောပါတယ်ခင်ဗျ။ ကလေးတွေရဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းတွေကတော့ ရောက်နေတာ ၂ ရက်ရှိပြီ၊ အခု ကော့စမွီမှာလို့ ပြောပါတယ်။” ဒီအမှုမှာ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် မျှမျှတတ တရားစီရင်ဖို့ ထိုင်းဝန်ကြီးချုပ်ကို ပန်ကြားပြောဆိုခဲ့တဲ့အမှုဆိုတော့ အစိုးရဘက်က ဒီကိစ္စအပေါ်မှာ ဘယ်လောက် အားသန်သေးလဲ။ “အဲဒါကတော့ သံအမတ်ကြီးက နိုင်ငံတော်သမ္မတရဲ့ကိုယ်စား ထိုင်းနိုင်ငံထဲမှာ အာဏာအရှိဆုံး ပုဂ္ဂိုလ်အနေနဲ့က အရင်ကတည်းက တွေ့ဆုံဆွေးနွေးပြီးပါပြီ။ ဘယ်လိုလဲဆိုတော့ ဒီအမှုက ကျနော်တို့ဘက်က နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အမှုနဲ့ပတ်သက်လို့ ဆောင်ရွက်သင့်တာကို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ အခြေအနေမျိုးကို ဆုံးဖြတ်ထားပါတယ်။” ထိုင်းတရားဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ ဒီအမှုကို ဘယ်လိုဆုံးဖြတ်နိုင်တဲ့ အလားအလာ ရှိလဲခင်ဗျ။ “ကျနော့်အနေနဲ့ကတော့ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ထိုင်းမှာနေတာ ၁၅ နှစ်၊ ၁၆ နှစ်ရှိပါပြီ။ သွားလိုက်ပြန်လိုက် နေတာပေါ့လေ။ အဲဒီတော့ ထိုင်းတရားရေးကိုလည်း ကျနော် နှစ်ပေါင်းများစွာ အကူအညီပေးခဲ့ပါတယ်။ ကျနော်လေ့လာရသလောက် ထိုင်းတရားစီရင်ရေးကတော့ မျှတတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးတဲ့ အလေ့အထရှိတာကို ကျနော်မြင်တွေ့ရပါတယ်။ အဲဒီတော့ ဒီအမှုနဲ့ပတ်သက်လို့လည်း ကျနော်တို့ တရားလိုဘက်ကဖြစ်တဲ့ ရဲတပ်ဖွဲ့က ဥပဒေနားလည်တဲ့ ရဲတပ်ဖွဲ့က တရားစွဲစဉ်မှာ အချက် ၃ ချက်ကို အားကိုးပြုလာပါတယ်။ ၁ အချက်က ဖြောင့်ချက်ပေးတယ်ဆိုတဲ့အချက်၊ ၂ အချက်က ဒီအန်အေ တူတယ်ဆိုတဲ့အချက်၊ ၃ အချက်ကတော့ စီစီတီဗွီက တရားခံနဲ့တူတယ်ဆိုတဲ့ အချက်တွေကို အားကိုးအားထားပြုလာတာ တွေ့ပါတယ်ခင်ဗျ။” ထိုင်းနိုင်ငံက ဒီအန်အေစစ်ဆေးတာနဲ့ ပတ်သက်လို့ နာမည်ကြီး ဒေါက်တာပွန်ထစ်နဲ့ သူ့ဓာတ်ခွဲခန်းကလူတွေ တရားခွင် လာရောက်ထွက်ဆိုခဲ့မှုဟာ အမှုအတွက် အလားအလာ ကောင်းတယ်လို့ သုံးသပ်နိုင်လား။ “ဒါကတော့ ဒီအမှုရဲ့ အသက်ပါခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သေဒဏ်ထိုက်တဲ့ အမှုတွေမှာ မျက်မြင်သက်သေ မရှိပါဘူး။ မရှိတဲ့အထဲမှာ အခု  သူတို့ စွဲဆိုချင်တဲ့၊ စွဲတဲ့ ဒီအန်အေ တူတယ်ဆိုတဲ့အချက်က တကယ့်အရေးကြီးတဲ့အချက်ပါ။ ဒါပေမယ့် ဒီအချက်ကို ထိုင်းနိုင်ငံ အမျိုးသားဆရာဝန်ကြီး ဒေါက်တာပွန်ထစ်ကိုယ်တိုင် လာပြီးတော့ အစစ်ခံတဲ့အချက်က ရှင်းနေပါတယ်။ ‘လူသတ်လက်နက်ဖြစ်တဲ့ ပေါက်တူးမှာ ဒီအန်အေတွေ့တယ်၊ အဲဒီတွေ့တဲ့ ဒီအန်အေဟာ တရားခံလေး ၂ ယောက်နဲ့ ဒီအန်အေ မတူဘူး။ အခြားလူရဲ့ ဒီအန်အေဖြစ်တယ်။’ ဆိုတာပဲ သူက ထွက်ဆိုသွားတာပါ။ အဲဒီတော့ လူသတ်လက်နက်မှာတွေ့တဲ့ ဒီအန်အေက တရားခံဒီအန်အေနဲ့ မတူဘူးဆိုရင် တရားခံတွေဟာ သတ်တဲ့လူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေတဲ့အချက်ပါ။ နောက်ပြီးတော့ ထူးခြားတဲ့အချက်က ဒေါက်တာပွန်ထစ်ကိုယ်တိုင် တရားရုံးထွက်ခဲ့ပါတယ်။ ကျနော်တို့ ဒီအန်အေရယူတဲ့အခါမှာ လုပ်ထုံးလုပ်နည်းအရ ဒီအန်အေ ရယူမယ်ဆိုရင် အဲဒီ ဒီအန်အေကို ၃ နှစ်ကနေ ၄ နှစ်အထိ ထိန်းသိမ်းထားလို့ရတယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျနော်တို့က ပေါက်တူးရိုးနဲ့ပတ်သက်လို့ ဒီအန်အေကို ဖြေရှင်းပြီးတဲ့ အခါမှာ ဟန်နာရဲ့ တန်ဆာ (မိန်းမကိုယ်) တို့၊ အ၀တ်အစားတွေမှာရှိတဲ့ ဒီအန်အေနဲ့ ပတ်သက်လို့ ဆက်လက်စစ်ဆေးဖို့ တောင်းဆိုတဲ့အခါမှာ ထိုင်းတရားစွဲရဲတပ်ဖွဲ့အနေနဲ့ ဒီပစ္စည်းတွေဟာ သူတို့သုံးလို့ ကုန်ဆုံးသွားပြီဆိုတဲ့ ပုံစံမျိုး ပြောပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဒီအန်အေ ရယူတဲ့အခါမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ယူထားတာမဟုတ်ဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဘာဖြစ်လို့လဲဆို အမှုက တနှစ်ကျော်ပဲ စစ်ရသေးတာပါ။ ဘယ်လိုမှ ကျန်တဲ့ ဒီအန်အေတွေဟာ ပျောက်ပျက်သွားစရာ အကြောင်းမရှိပါဘူး။ အဲဒီတော့ ပျောက်ပျက်သွားခြင်းအားဖြင့် သူတို့သည် ဒီအန်အေရယူခြင်းဟာ တရားဝင် လုပ်ထုံးလုပ်နည်းနဲ့ ရယူခြင်းမရှိဘူးဆိုတာ ပေါ်လွင်နေတယ် ဆိုတာကိုလည်း ဒေါက်တာပွန်ထစ်က ရှင်းပြသွားပါတယ်။” ပြစ်မှုနဲ့ပတ်သက်လို့ သေဒဏ်ကြီးကျလောက်တဲ့ ဒီအမှုကို နိုင်ငံတကာကလည်း စိတ်ဝင်စား စောင့်ကြည့်ကြတယ်။ တရားရုံးကနေ တရားခံတွေဟာ အပြစ်မရှိဘူးလို့ လွှတ်ရင်ဖြစ်ဖြစ်၊ အပြစ်ရှိတယ်လို့ စီရင်ဆုံးဖြတ်ရင်ဖြစ်ဖြစ် အန်ကယ်တို့ ဘာဆက်လုပ်မလဲ။ “ပထမဆုံးအနေနဲ့က တရားခံတွေဟာ တရားသေလွတ်သွားပြီဆိုရင် ကျနော်တို့ဘက်က ကလေးတွေဘက်က ဒါ ၀မ်းသာစရာပါ။ သို့သော် ထိုင်းရဲတပ်ဖွဲ့ဘက်ကနေ ဥပဒေကိုင်တဲ့ လူတွေဘက်က သူတို့ရဲ့ သိက္ခာပိုင်းဆိုင်ရာမို့လို့ ဒါကို သူတို့ အထက်တရားရုံးတော်ကို ပြင်ဆင်မှု တက်ပါလိမ့်မယ်။ အဲလို တက်ရုံတင် မကသေးဘဲနဲ့ အဲလို တက်တဲ့အချိန်အတွင်းမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ အထောက်အထားမဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ ပြင်ဆင်မှုတက်တဲ့အမှုကို အချုပ်၊ ထောင်ထဲမှာ နေပြီးတော့ ဆက်လက်ဖြေရှင်းပါဆိုတဲ့ ပုံစံမျိုး သူတို့က တရားခွင်ကို တောင်းဆိုမယ့်သဘော ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း မြန်မာသံအမတ်ကြီးနဲ့ ညှိနှိုင်းထားတဲ့ အနေအထားအရ ကျနော်တို့ အဲဒီလိုဖြစ်လာခဲ့ရင် မြန်မာသံရုံးရဲ့ အာမခံနဲ့ ကလေးတွေကို အောက်ရုံးမှာ လွှတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပြင်မှာနေပြီးတော့ အထက်ရုံးမှာ အစိုးရရှေ့နေဘက်က ပြင်ဆင်မှုကို ဖြေရှင်းဖို့ဆိုပြီးတော့ ကျနော်တို့ ကြိုးစားဆောင်ရွက်ပါမယ်။" တရားရုံးက တရားခံတွေမှာ အပြစ်ရှိတယ်လို့ စီရင်ဆုံးဖြတ်ခဲ့ရင်ရော အန်ကယ်တို့ အယူခံတက်ဖို့ ရှိမလားခင်ဗျာ။ “ဟုတ်ပါတယ်ခင်ဗျ။ တကယ်လို့များ ကလေးတွေကို အပြစ်ပေးခံရတယ်ဆိုရင် ဥပဒေအရ ကလေးတွေဟာ အပြစ်ပေးထိုက်တာ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အပြစ်မရှိကြောင်းကို အထက်ရုံးကို အယူခံတက်ဖို့လည်း ကျနော်တို့ အားလုံး ပြင်ဆင်ဆောင်ရွက်ပြီးပါပြီ။” ဒီအမှုကို လိုက်ပါဆောင်ရွက်တဲ့ တနှစ်ကျော်ကာလအတွင်း ဘာကို မှတ်မှတ်ရရ ပြောစရာရှိမလဲခင်ဗျ။ ဘယ်လိုသုံးသပ်နိုင်မလဲ။ “ကျနော်တို့ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ အနေနဲ့ကတော့ ဆယ်စုနှစ်နဲ့ချီပြီးတော့ ဒီလိုပဲ အမှုတွေ ဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့် အမှုနဲ့ပတ်သက်လို့ အမှားအမှန် ခွဲခြမ်းစိတ်ဖြာတဲ့ အခါမှာတော့ ဒီအမှုဟာ ကျနော်တို့ သာဓကတခု၊ စံတခု ဖြစ်ပြီးတော့ ဒီအမှုကို မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် နောက်ပိုင်းမှာ စံချိန်စံညွှန်းမီတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို ရယူခံစားနိုင်လိမ့်မယ်လို့ ကျနော် မှန်းဆတွက်ကြည့်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024