Home
ဆောင်းပါး
အရက်ခွန်နှင့် လူထုကျန်းမာရေး
DVB
·
December 22, 2015
ဒီဇင်ဘာ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်မှာ စီးကရက်နဲ့ အရက်များအပေါ် စည်းကြပ်နေတဲ့ အခွန်နှုန်းထားတွေဟာ အာဆီယံနိုင်ငံများနှင့်ယှဉ်ရင် အတော်နိမ့်ကျနေလို့ အခွန်တိုးမြှင့်ကောက်ခံဖို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့သူက အန်အယ်လ်ဒီ ပုလဲမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဖြစ်ပါတယ်။ ပုလဲမြို့နယ် ကိုယ်စားလှယ်ဟောင်းက ရေးထားတဲ့စာကို ပြန်တင်ပါရစေ။ အရက်ကို အကောက်ခွန်များများတင်လိုက်ရင် လူတွေရဲ့ လူမှုသုက္ခတွေ နည်းမလားဆိုတဲ့ အယူအဆ ဟုတ်ပါ့မလားလို့ စောဒကတက်ကြပါတယ်။ ဒီခေတ်မှာ အရက်သောက်တာ မဆန်းတော့ဘူး။ အရက်သောက်နေသူတွေဟာ အရက်ဈေး ဘယ်လောက်ကြီးကြီး ဝယ်သောက်ကြမှာပဲလို့  ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်တဲ့ American Council on Science and Health မှာ အဲလိုရေးခဲ့တာပါ။ အဲလဗတ် အိုင်းစတိုင်း ဆေးကျောင်းက ဒေါက်တာ နီဂဲလ် ဘာ့ခ်ကတော့ ဒီလိုဆင်ခြေမျိုးကို သဘောမတူဘူး။ နှစ်ပေါင်း ၃ဝ အတွင်း အရက်ဈေး (အရက်ခွန်) နဲ့ အရက်နဲ့ ဆက်ပြီးဖြစ်စေတဲ့ ရောဂါဖြစ်နှုန်း + သေနှုန်းတွေဟာ အသေအချာ ဆက်စပ်နေပါတယ်။ ပြောင်းပြန်အချိုးကျနေတယ်။ အရက်ကို အသေအလဲ စွဲနေသူဟာ အရက် ဘယ်လောက်ဈေးမြှင့်မြှင့် ဆက်သောက်နေမယ်ဆိုတာ မှန်ပေမယ့် အဲလို အရက်ချိုး (ဂျိုး) ဆိုတာ လူဦးရေအများထဲမှာ နည်းနည်းလေးသာ ရှိတာပါ။ ၁၈ ရာစုထဲ၊ အင်္ဂလန်မှာ ဂျင်ကို ပထမဆုံး အခွန်စည်းကြပ်လိုက်တော့ လူထုကျန်းမာရေးမှာ သိသိသာသာ အကျိုးရစေခဲ့တယ်။ အထူးသဖြင့် မြို့ကြီးတွေနဲ့ အမျိုးသမီးတွေရော ကလေးတွေအတွက်ပါ ပိုကောင်းခဲ့တာပါ။ စာရင်းဇယားဌာနရဲ့ ဖွင့်ဆိုချက်အရ တထိုင်တည်းမှာ ယောက်ျားဆို ၈ ယူနစ်၊ မိန်းမဆို ၆ ယူနစ်ထက် အရက်ပိုသောက်တာကို အရက်စွဲသောက်တာလို့ သတ်မှတ်တယ်။ အဲဒါမျိုး ဗြိတိန်မှာ ယောက်ျား ၂၃ ရာခိုင်နှုန်း၊ မိန်းမ ၆  ရာခိုင်နှုန်း ရှိနေတယ်။ ပိုခက်တဲ့ပြဿနာက အသက် ၁၆ နဲ့ ၂၄ နှစ်ကြား လူငယ်တွေ ဖြစ်နေတယ်။ ယူကေမှာ တခြား ဥရောပနိုင်ငံတွေထက် မိန်းမတွေ အရက်သောက်တာ ပိုတိုးလာနေလို့ အရက်နဲ့ဆက်ပြီး သေဆုံးမှုလည်း အနှစ် ၂ဝ အတွင်းမှာ ၂ ဆ တိုးလာတယ်။ သုတေသနလုပ်သူတွေကနေ ထောက်ပြတာက စနေ၊ တနင်္ဂနွေနေ့တွေမှာ လမ်းဘေးမယ် သေရတာတွေထဲက ၈ဝ ရာခိုင်နှုန်းဟာ အရက်နဲ့ ဆက်စပ်နေတယ်။ နောက်ပြီး ဆေးရုံ အရေးပေါ်ဌာနတွေမှာနဲ့ လူရှုပ်ချိန် မတော်တဆ ဖြစ်မှုတွေထဲက ၄ ပုံ ၃ ပုံလောက်ကလည်း အရက်ကြောင့်ပဲ။ ၂၂-၂-၂ဝဝ၈ နေ့ သတင်းတခုမှာ အရက်ခွန်တိုးလိုက်ရင် လူ့အသက်တွေ အများကြီးကို ကယ်ရာရောက်မယ်လို့ ဗြိတိန်မှာ လှုံ့ဆော်ခဲ့ကြတယ်။ BMA ကနေပြောတယ်၊ ဘီယာ၊ ဝိုင်နဲ့ အရက်ကို အခွန် ၁ဝ ရာခိုင်နှုန်းတိုးလိုက်ရင် အရက်နဲ့ဆက်ပြီး သေဆုံးနေတဲ့ အရေအတွက်ကို လေးပုံတပုံမက ကျဆင်းလိမ့်မယ်။ အစိုးရနဲ့ အရက်ကုမ္ပဏီတွေ နီးစပ်မှုရှိနေတာကိုလည်း ထောက်ပြ ကန့်ကွက်ကြပါတယ်။ အဲလို နိုင်ငံရေးသမားတွေကို အရှုံးသမား ခေါင်းဆောင်တွေလို့ ခေါ်လိုက်တယ်။ နာမည်ကြီး အရက်သမား အနုပညာရှင်တွေကိုလည်း ပြစ်တင်တယ်။ ၁၃-၁၁-၂ဝဝ၈ နေ့မှာ CNN ကနေ ထုတ်လွှင့်သွားတာတခုက အရက်ဈေးတက်ပေးရင် အသက်သွေးတွေ ကယ်နိုင်မယ်တဲ့။ အလာစကာပြည်နယ်မှာ အရက်ခွန် တိုးလိုက်တိုင်း၊ တိုးလိုက်တိုင်း၊ အရက်နဲ့ ဆက်ပြီး သေဆုံးရနှုန်းတွေ ကျလာတာကို ၂၈ နှစ်တာ ဆန်းစစ်မှုအရ သိရတယ်။ ၁၉၈၃ တုန်းက အရက်ခွန်တိုးလိုက်တော့ အရက်ကြောင့် သေဆုံးနှုန်း ၂၉ ရာခိုင်နှုန်း လျော့ခဲ့တယ်။ ၂ဝဝ၂ ခုမှာ တိုးပြန်တော့ ၁၁ ရာခိုင်နှုန်း ကျပြန်တယ်လို့ ထုတ်ပြန်လိုက်တယ်။ ဥရောပနိုင်ငံတွေမှာ အရက်ဈေးနှုန်းတွေ အတော်ကြီး ကွာခြားကြတယ်။ ပျမ်းမျှ အရက်တပုလင်းဈေးကတော့ -
  • ဂျာမနီ = ယူရို 4.0
  • အက်စ်တိုးနီးယား = ယူရို 5.57
  • ဒိန်းမတ် = ယူရို 10.75
  • ဖင်လန် = ယူရို 20.09
  • ဆွီဒင် = ယူရို 21.54
  • အိုက်စလန် = ယူရို 28.37
  • နော်ဝေ = ယူရို 39.01
စကော့တလန်မှာ အကြမ်းဖက် ရာဇဝတ်မှုတွေရဲ့ ၄၃ ရာခိုင်နှုန်းဟာ အရက်နဲ့ ဆက်စပ်နေတာ တွေ့ရတယ်။ နော်ဝေမှာ အရက်ဝယ်ဖို့ရာ အတော်မလွယ်ပါ။ ဘီယာထက်ပြင်းတဲ့ ၀ိုင် (Wine)၊ ၀စ်စကီ (Whiskey)၊ ဘရန်ဒီ (Brandy) ဝယ်ချင်ရင် Vinmonopolet ဆိုတဲ့ဆိုင် လိုက်ရှာဝယ်ရမယ်။ ဒီဆိုင်မျိုးဆိုတာ ပုဇွန်ရောင်းတဲ့ နေရာလိုမှာ သွားဝယ်ရတာကိုက အနှိမ်ခံရသလိုဘဲ။ ၂ဝဝ၁ ဈေးအရ (ဗော်ဒကာ) တပုလင်းဝယ်ရင် 297 Krone (£30) ပေးရမယ်။ အဲဒီတန်ဖိုးထဲက 197.12 Krone ဟာ အရက်ခွန်ဖြစ်တယ်။ အရက်တန်ဖိုးက 29.73 သာရှိတယ်၊ ဆိုင်ခွန်က 11.11 ပေးရမယ်၊ အရောင်းခွန်က 57.48 ပါမယ်။ ထုပ်ပိုးခွန်က 1.56 ဖြစ်တယ်။ အခွန်အားလုံး ပေါင်းလိုက်တော့ 199.16 ဆောင်လိုက်ရတယ်ပေါ့။ အိန္ဒိယမှာ အရက်သေစာကို ဖွဲ့စည်းပုံပေါ်လစီ အခြေခံမူမှာကို ထည့်ရေးထားပါတယ်။ အပိုဒ် (၄၇) မှာ လူနေမှု အဆင့်အတန်းနှင့် အာဟာရ မြှင့်တင်ပေးရန်မှာ နိုင်ငံတော်၏ မူလတာဝန် ဖြစ်သည်။ ဆေးဝါးအလို့ငှာ သုံးသည်ကလွဲ၍ ကျန်းမာရေးကို ထိခိုက်စေနိုင်သော မူးယစ်စေသည့် ဆေးဝါးနှင့် အရည်များအား နိုင်ငံတော်က တားမြစ်ရမည်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ အရက်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတယ်။ တိုင်းရင်းသား ဒေသတွေမှာ ပိုများတယ်။ မြို့နေယောက်ျားတွေကလည်း နမူနာပဲ။ အနှစ် ၂ဝ အတွင်း အရက်သောက်သူ ၁၅-၂ဝ ရာခိုင်နှုန်းကနေ ၃ဝဝ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးလာတယ်။ ၅ ရာခိုင်နှုန်းက အရက်စွဲသူတွေ ဖြစ်နေတယ်။ နည်းတခုအနေနဲ့ အရက်ဝယ်နိုင်တဲ့ အသက်ကို တိုးစေတာ ဖြစ်တယ်။ တချို့ပြည်နယ်တွေမှာ ၁၈ နှစ်ကနေ ၂၅ နှစ်အထိ တိုးတယ်။ ထိရောက်မှုကို လေ့လာတာ မလုပ်ရသေးပါ။ အရက်ခွန်ကလည်း အစိုးရအတွက် ၀င်ငွေ အများကြီးရစေတယ်။ ၁ဝ ရာခိုင်နှုန်းအထိရှိတယ်။ နမူနာကတော့ ပန်ဂျပ်မှာ ၃ ပုံ ၁ ပုံမက ရတယ်။ တချို့ပြည်နယ်တွေမှာ ဖွဲ့စည်းပုံပါ လမ်းညွှန်ချက်ကို ထည့်ထားရာကနေ ဖြုတ်လိုက်ကြတယ်။ အရက်ခွန်တိုးတာဟာ အရက်သောက်နေတာကို မလျော့စေဘူး။ သောက်သုံးသူတွေအတွက် စီးပွားရေး ထိခိုက်တယ်။ လာဘ်စားမှု၊ ရာဇဝတ်မှု၊ မှောင်ခိုရောင်းဝယ်မှုတွေ တိုးစေတယ်လို့ ထောက်ပြကြတယ်။ အိန္ဒိယက တချို့နေရာတွေမှာ အခွန်ရအောင် အစိုးရက အရက်ရောင်းခွင့် ပြုပေမယ့် အစိုးရအခေါ် သူပုန်တွေက အရက်ကို တားမြစ်တယ်။ သူပုန့်သြဇာက ပိုထိရောက်လို့ တိတ်တိတ်ပုန်းသာ ရောင်းကြသောက်ကြရတယ်။ ၁၅-၇-၂ဝ၁ဝ နယူးယော့ခ်ကလာတဲ့ သတင်းတခုမှာ အမေရိကန်တွေဟာ သူတို့ကိုယ်သူတို့ လက်နက်တွေ တပ်ဆင်ထားပြီး နှာဖျားကနေ မီးခိုးထွက်အောင် လုပ်နေကြတယ်လို့ ရေးထားပါတယ်။ ဖက်ဒရယ်အစိုးရကနေ အရက်၊ ဆေးလိပ်၊ လက်နက်ငယ်နဲ့ ကျည်ဆံတွေအပေါ်ကနေ အခွန်ကောက်လို့ ၂ဝဝ၉ ခုနှစ်အတွင်းမှာ ၁ဝ ဒသမ ၆ ဘီလျံ ရနေလို့ ရေးတာပါ။ လူအများ စားသုံးပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအခွန်ကို Sin tax အကုသိုလ်အခွန်လို့ ခေါ်တယ်။ (ကင်ဒီ)၊ ဖျော်ရည်၊ အဆီများအစားအစာ၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ လောင်ကစားတွေအပေါ်မှာ ကောက်တဲ့အခွန်တွေ ဖြစ်တယ်။ ဒီလိုအခွန်မျိုး တိုးတယ်ဆိုတာ စားသုံး-ရောင်းဝယ်မှု နည်းစေအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ အများအကျိုးကိုဖြစ်စေတာ အမှန်ပဲ။ ရတဲ့အခွန်ငွေကို သုံးတာမှာလည်း ရည်ရွယ်ချက်ကောင်း ရှိရမယ်။ ကျန်းမာရေး၊ အားကစားရုံ၊ အရက်၊ မူးယစ်သမားတွေအတွက် နာလံထစခန်း၊ စတာမျိုးတွေအတွက် သုံးသင့်တယ်။
  • ၂၇-၂-၂ဝဝ၈ ဟောင်ကောင်မှာတော့ အရက်ခွန်တွေ ဖယ်ရှားလိုက်ပါသတဲ့။
  • ၂၇-၄-၂ဝဝ၈ သြစတြေးလျမှာ ကျန်းမာရေး ဘက်တော်သားတွေက အရက်ခွန်တိုးတာကို ထောက်ခံလိုက်ကြတယ်။ သူတို့ဆီမှာ ကြိုတင်ဖျော်ထားပြီးသား အရက်ခွန်ကို တလီတာမှာ $39 ကနေ $67 အထိ တိုးလိုက်ပါတယ်။ (PHA) က လူငယ်-လူရွယ် အမျိုးသား-အမျိုးသမီးတွေအပေါ်မှာ သက်ရောက်မှုရှိမယ်လို့ ပြောပါတယ်။
  • ၁၂-၅-၂ဝဝ၈ ဗြိတိန်က သတင်းမှာလည်း အတူတူပဲ။ အရက်ခွန်တိုးတာ အရက်ချိုး(ဂျိုး) တွေ အတွက်ပါတဲ့။
  • ၃ဝ-၁၁-၂ဝဝ၈ ဖင်လန်ကလည်း အဲဒီအတိုင်း လိုက်လုပ်တယ်။
  • ၁၈-၅-၂ဝဝ၉ အမေရိကန် ဆီးနိတ်မှာ အရက်၊ ဆေးလိပ်နဲ့ ဆိုဒါကို အခွန်တိုးကောက်ပြီး ကျန်းမာရေးစီမံချက်မှာ သုံးဖို့ အဆိုပြုခဲ့တယ်။
  • ၁-၈-၂ဝဝ၉ တရုတ်မှာ အဲလိုလုပ်ရင် အလုပ်သမားတွေက ကြိုက်မယ်မထင်ဘူးတဲ့။
၎-၄-၂ဝ၁၁ ဖိလစ်ပိုင်ပညာရှင်အဖွဲ့ရဲ့ တိုက်တွန်းချက်တခု ထွက်လာတယ်။ အရက်နဲ့ ဆေးလိပ်အပေါ်မှာ Excise taxes စည်းကြပ်ခွန် ၅ဝ ရာခိုင်နှုန်း တိုးမြှင့်လိုက်ရင် တနှစ်တနှစ်မှာ အစိုးရအတွက် အခွန်ငွေ ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ တိုးလာမယ်တဲ့။ ကွန်ဂရက် ပေါ်လစီနဲ့ ဘတ်ဂျက် သုတေသနဌာနကနေ အဲလို အခွန်တိုးရလာမှာကို ကျန်းမာရေးကဏ္ဍအတွက် သုံးသင့်တယ်လို့ ဆိုတယ်။ ဒီအဖွဲ့က ဝင်ငွေနည်းတိုင်းပြည် ၂၂ နိုင်ငံကို လေ့လာပြီး သုတေသန လုပ်ခဲ့တာပါ။ တပြိုင်နက်တည်းမှာ တိုးရမယ့် အခွန်ငွေကို ဘယ်နေရာမှာ သုံးမလဲ ဆိုတာလည်း မေးခွန်းဖြစ်တယ်။ အခွန်ရဲ့အမျိုးအစားက တိုးတိုးရနေမှာမျိုး မဟုတ်ဘူး၊ ဆင်းရဲသူတွေက အခွန်ပိုပေးရမယ်၊ လူ့စရိုက်ကလည်း ပြောင်းလဲလာဖို့ မဖြစ်နိုင်ဘူး၊ တိုးတက်ဖို့ အလားအလာရှိတဲ့ စီးပွားရေးကိုလည်း နှိမ်ရာကျနေတယ်။ ဒါ့ကြောင့် ရလာမယ့်အခွန်ကို အကျိုးရှိမယ့် နေရာမှာသုံးဖို့ သိပ်အရေးကြီးတယ်။ ၆-၄-၂ဝ၁၁ သတင်းအရ အမေရိကားမှာ အရက်နဲ့ဆက်ပြီး သေဆုံးရသူပေါင်း တနှစ်မှာ ၈ သောင်း ၅ ထောင်ရှိတယ်။ အရက်ခွန်နဲ့ ဈေးနှုန်းပေါ်လစီရဲ့ ရောဂါဖြစ်နှုန်း၊ သေနှုန်းပေါ်မှာ သက်ရောက်မှု၊ စနစ်တကျ လေ့လာချက်ကို ထုတ်ပြန်ခဲ့တယ်။ အရက်ခွန်တိုးလိုက်ရင်
  • ယာဉ်မတော်တဆတိုက်လို့ သေဆုံးရမှုကို ၁၁ ရာခိုင်နှုန်း၊
  • HIV အပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါတွေ ၆ ရာခိုင်နှုန်း၊
  • အကြမ်းဖက်မှု ၂ ရာခိုင်နှုန်း၊
  • ရာဇဝတ်မှု ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းစေမယ်။
  • မူးယစ်ဆေးဝါး သုံးစွဲတာပါ ၆ဝ ရာခိုင်နှုန်း နည်းစေတယ်။ ခြုံလိုက်ရင် အရက်ခွန် နှစ်ဆ တိုးလိုက်ရင် အရက်နဲ့ ဆက်နွယ် သေဆုံးမှုကို ၂၄ ရာခိုင်နှုန်း လျော့နည်းစေမယ်။
ဒဿနိကပညာရှင်နဲ့ နိုင်ငံရေးဘောဂဗေဒ ဘိုးအေဖြစ်သူ Adam Smith ကလည်း ကျန်းမာရေး ထောင့်ကနေ ကြည့်တာကို ထောက်ခံပါတယ်။ The Wealth of Nations ထဲမှာ ရေးသွားခဲ့တာက ကျန်းမာရေး၊ ဘဏ္ဍာရေး၊ နီတိအရနဲ့ ငွေကြေးဆိုင်ရာဘက်တွေကနေ ငြင်းဆိုမှုတိုင်းဟာ ပကတိအခြေအနေတွေနဲ့ ထင်ဟပ်ရတယ်။ အရက်ဈေးတင်ပေးရင် ကျန်းမာရေးအတွက် ကောင်းစေမယ်ဆိုတာ သိပ္ပံကနေ ပြောတာဖြစ်တယ်။ ဖီလော်ဆော်ဖီလို ငြင်းချက်ထုတ်ချင်လည်း ထုတ်ပေါ့။ သိပ္ပံလိုတော့ လာမငြင်းပါနဲ့။ ဒေါက်တာတင့်ဆွေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024