အရက်ခွန်နှင့် လူထုကျန်းမာရေး
DVB
·
December 22, 2015
ဒီဇင်ဘာ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်မှာ စီးကရက်နဲ့ အရက်များအပေါ် စည်းကြပ်နေတဲ့ အခွန်နှုန်းထားတွေဟာ အာဆီယံနိုင်ငံများနှင့်ယှဉ်ရင် အတော်နိမ့်ကျနေလို့ အခွန်တိုးမြှင့်ကောက်ခံဖို့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့သူက အန်အယ်လ်ဒီ ပုလဲမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဖြစ်ပါတယ်။ ပုလဲမြို့နယ် ကိုယ်စားလှယ်ဟောင်းက ရေးထားတဲ့စာကို ပြန်တင်ပါရစေ။
အရက်ကို အကောက်ခွန်များများတင်လိုက်ရင် လူတွေရဲ့ လူမှုသုက္ခတွေ နည်းမလားဆိုတဲ့ အယူအဆ ဟုတ်ပါ့မလားလို့ စောဒကတက်ကြပါတယ်။ ဒီခေတ်မှာ အရက်သောက်တာ မဆန်းတော့ဘူး။ အရက်သောက်နေသူတွေဟာ အရက်ဈေး ဘယ်လောက်ကြီးကြီး ဝယ်သောက်ကြမှာပဲလို့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ ထုတ်တဲ့ American Council on Science and Health မှာ အဲလိုရေးခဲ့တာပါ။
အဲလဗတ် အိုင်းစတိုင်း ဆေးကျောင်းက ဒေါက်တာ နီဂဲလ် ဘာ့ခ်ကတော့ ဒီလိုဆင်ခြေမျိုးကို သဘောမတူဘူး။ နှစ်ပေါင်း ၃ဝ အတွင်း အရက်ဈေး (အရက်ခွန်) နဲ့ အရက်နဲ့ ဆက်ပြီးဖြစ်စေတဲ့ ရောဂါဖြစ်နှုန်း + သေနှုန်းတွေဟာ အသေအချာ ဆက်စပ်နေပါတယ်။ ပြောင်းပြန်အချိုးကျနေတယ်။ အရက်ကို အသေအလဲ စွဲနေသူဟာ အရက် ဘယ်လောက်ဈေးမြှင့်မြှင့် ဆက်သောက်နေမယ်ဆိုတာ မှန်ပေမယ့် အဲလို အရက်ချိုး (ဂျိုး) ဆိုတာ လူဦးရေအများထဲမှာ နည်းနည်းလေးသာ ရှိတာပါ။
၁၈ ရာစုထဲ၊ အင်္ဂလန်မှာ ဂျင်ကို ပထမဆုံး အခွန်စည်းကြပ်လိုက်တော့ လူထုကျန်းမာရေးမှာ သိသိသာသာ အကျိုးရစေခဲ့တယ်။ အထူးသဖြင့် မြို့ကြီးတွေနဲ့ အမျိုးသမီးတွေရော ကလေးတွေအတွက်ပါ ပိုကောင်းခဲ့တာပါ။
စာရင်းဇယားဌာနရဲ့ ဖွင့်ဆိုချက်အရ တထိုင်တည်းမှာ ယောက်ျားဆို ၈ ယူနစ်၊ မိန်းမဆို ၆ ယူနစ်ထက် အရက်ပိုသောက်တာကို အရက်စွဲသောက်တာလို့ သတ်မှတ်တယ်။ အဲဒါမျိုး ဗြိတိန်မှာ ယောက်ျား ၂၃ ရာခိုင်နှုန်း၊ မိန်းမ ၆ ရာခိုင်နှုန်း ရှိနေတယ်။ ပိုခက်တဲ့ပြဿနာက အသက် ၁၆ နဲ့ ၂၄ နှစ်ကြား လူငယ်တွေ ဖြစ်နေတယ်။ ယူကေမှာ တခြား ဥရောပနိုင်ငံတွေထက် မိန်းမတွေ အရက်သောက်တာ ပိုတိုးလာနေလို့ အရက်နဲ့ဆက်ပြီး သေဆုံးမှုလည်း အနှစ် ၂ဝ အတွင်းမှာ ၂ ဆ တိုးလာတယ်။
သုတေသနလုပ်သူတွေကနေ ထောက်ပြတာက စနေ၊ တနင်္ဂနွေနေ့တွေမှာ လမ်းဘေးမယ် သေရတာတွေထဲက ၈ဝ ရာခိုင်နှုန်းဟာ အရက်နဲ့ ဆက်စပ်နေတယ်။ နောက်ပြီး ဆေးရုံ အရေးပေါ်ဌာနတွေမှာနဲ့ လူရှုပ်ချိန် မတော်တဆ ဖြစ်မှုတွေထဲက ၄ ပုံ ၃ ပုံလောက်ကလည်း အရက်ကြောင့်ပဲ။
၂၂-၂-၂ဝဝ၈ နေ့ သတင်းတခုမှာ အရက်ခွန်တိုးလိုက်ရင် လူ့အသက်တွေ အများကြီးကို ကယ်ရာရောက်မယ်လို့ ဗြိတိန်မှာ လှုံ့ဆော်ခဲ့ကြတယ်။ BMA ကနေပြောတယ်၊ ဘီယာ၊ ဝိုင်နဲ့ အရက်ကို အခွန် ၁ဝ ရာခိုင်နှုန်းတိုးလိုက်ရင် အရက်နဲ့ဆက်ပြီး သေဆုံးနေတဲ့ အရေအတွက်ကို လေးပုံတပုံမက ကျဆင်းလိမ့်မယ်။ အစိုးရနဲ့ အရက်ကုမ္ပဏီတွေ နီးစပ်မှုရှိနေတာကိုလည်း ထောက်ပြ ကန့်ကွက်ကြပါတယ်။ အဲလို နိုင်ငံရေးသမားတွေကို အရှုံးသမား ခေါင်းဆောင်တွေလို့ ခေါ်လိုက်တယ်။ နာမည်ကြီး အရက်သမား အနုပညာရှင်တွေကိုလည်း ပြစ်တင်တယ်။
၁၃-၁၁-၂ဝဝ၈ နေ့မှာ CNN ကနေ ထုတ်လွှင့်သွားတာတခုက အရက်ဈေးတက်ပေးရင် အသက်သွေးတွေ ကယ်နိုင်မယ်တဲ့။ အလာစကာပြည်နယ်မှာ အရက်ခွန် တိုးလိုက်တိုင်း၊ တိုးလိုက်တိုင်း၊ အရက်နဲ့ ဆက်ပြီး သေဆုံးရနှုန်းတွေ ကျလာတာကို ၂၈ နှစ်တာ ဆန်းစစ်မှုအရ သိရတယ်။ ၁၉၈၃ တုန်းက အရက်ခွန်တိုးလိုက်တော့ အရက်ကြောင့် သေဆုံးနှုန်း ၂၉ ရာခိုင်နှုန်း လျော့ခဲ့တယ်။ ၂ဝဝ၂ ခုမှာ တိုးပြန်တော့ ၁၁ ရာခိုင်နှုန်း ကျပြန်တယ်လို့ ထုတ်ပြန်လိုက်တယ်။
ဥရောပနိုင်ငံတွေမှာ အရက်ဈေးနှုန်းတွေ အတော်ကြီး ကွာခြားကြတယ်။ ပျမ်းမျှ အရက်တပုလင်းဈေးကတော့ -
- ဂျာမနီ = ယူရို 4.0
- အက်စ်တိုးနီးယား = ယူရို 5.57
- ဒိန်းမတ် = ယူရို 10.75
- ဖင်လန် = ယူရို 20.09
- ဆွီဒင် = ယူရို 21.54
- အိုက်စလန် = ယူရို 28.37
- နော်ဝေ = ယူရို 39.01
- ၂၇-၂-၂ဝဝ၈ ဟောင်ကောင်မှာတော့ အရက်ခွန်တွေ ဖယ်ရှားလိုက်ပါသတဲ့။
- ၂၇-၄-၂ဝဝ၈ သြစတြေးလျမှာ ကျန်းမာရေး ဘက်တော်သားတွေက အရက်ခွန်တိုးတာကို ထောက်ခံလိုက်ကြတယ်။ သူတို့ဆီမှာ ကြိုတင်ဖျော်ထားပြီးသား အရက်ခွန်ကို တလီတာမှာ $39 ကနေ $67 အထိ တိုးလိုက်ပါတယ်။ (PHA) က လူငယ်-လူရွယ် အမျိုးသား-အမျိုးသမီးတွေအပေါ်မှာ သက်ရောက်မှုရှိမယ်လို့ ပြောပါတယ်။
- ၁၂-၅-၂ဝဝ၈ ဗြိတိန်က သတင်းမှာလည်း အတူတူပဲ။ အရက်ခွန်တိုးတာ အရက်ချိုး(ဂျိုး) တွေ အတွက်ပါတဲ့။
- ၃ဝ-၁၁-၂ဝဝ၈ ဖင်လန်ကလည်း အဲဒီအတိုင်း လိုက်လုပ်တယ်။
- ၁၈-၅-၂ဝဝ၉ အမေရိကန် ဆီးနိတ်မှာ အရက်၊ ဆေးလိပ်နဲ့ ဆိုဒါကို အခွန်တိုးကောက်ပြီး ကျန်းမာရေးစီမံချက်မှာ သုံးဖို့ အဆိုပြုခဲ့တယ်။
- ၁-၈-၂ဝဝ၉ တရုတ်မှာ အဲလိုလုပ်ရင် အလုပ်သမားတွေက ကြိုက်မယ်မထင်ဘူးတဲ့။
- ယာဉ်မတော်တဆတိုက်လို့ သေဆုံးရမှုကို ၁၁ ရာခိုင်နှုန်း၊
- HIV အပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါတွေ ၆ ရာခိုင်နှုန်း၊
- အကြမ်းဖက်မှု ၂ ရာခိုင်နှုန်း၊
- ရာဇဝတ်မှု ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းစေမယ်။
- မူးယစ်ဆေးဝါး သုံးစွဲတာပါ ၆ဝ ရာခိုင်နှုန်း နည်းစေတယ်။ ခြုံလိုက်ရင် အရက်ခွန် နှစ်ဆ တိုးလိုက်ရင် အရက်နဲ့ ဆက်နွယ် သေဆုံးမှုကို ၂၄ ရာခိုင်နှုန်း လျော့နည်းစေမယ်။