Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်တွေပြင် ဗဟိုအစိုးရအဖွဲ့တွေလည်း ချီးမြှင့်ငွေရမည်
DVB
·
December 22, 2015
နိုင်ငံရေးပင်စင်လို့ခေါ်နိုင်တဲ့ တလုံးတခဲတည်းချီးမြှင့်ငွေကို လွှတ်တော်ကိုယ်စားလှယ်တွေ အပြင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေ၊ ပြည်ထောင်စုအဆင့် ၀န်ကြီးတွေပါ ရယူခံစားကြ ရမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မနေ့က ဒီဇင်ဘာလ ၂၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးပင်စင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ဖြစ်နေတဲ့အတွက် သူရဦးရွှေမန်းက ရှင်းလင်း ခဲ့ရာမှာ ၂၀၁၁ ခုကနေ ၂၀၁၆ ခုအတွင်း တာဝန်ထမ်းဆောင်ခဲ့သူ အားလုံးရရှိကြမှာဖြစ်တယ်လို့ ပြောပါတယ်။ “၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေ ၂၀၁၆ ခုနှစ် မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ များအပါအ၀င် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့ ကောင်စီဝင်များအားလုံး ပါဝင်ပါတယ်။” ဒါ့အပြင် သူက “ဥပဒေတိုင်းမှာ ပြည်ထောင်စုအစိုးရအဖွဲ့မှ သတ်မှတ်သည့် တလုံးတခဲ တည်းသော နိုင်ငံရေးပင်စင်ချီးမြင့်ငွေဆိုတဲ့ အသုံးအနှုန်းပါရှိပါတယ်။ ဥပဒေများမှာ ပြဌာန်း ချက်များအရ တာဝန်ထမ်း ဆောင်ခဲ့ကြတဲ့ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများက တလုံးတခဲ တည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေအပြင် လစဉ် နိုင်ငံရေးပင်စင်ချီးမြှင့်ငွေစရိတ်နှင့် အဆောင်အယောင်တို့ကိုပါခံ စားခွင့်ရရှိမှာဖြစ်ပါတယ်။ ကျန်တဲ့အဆင့်ဆင့်သော ပုဂ္ဂိုလ်များ အားလုံး တလုံးတခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရရှိကြမှာဖြစ်ပါတယ်။” ဒီနိုင်ငံရေး ဒီပင်စင်ရဖို့ သက်ဆိုင်ရာဌာန အဖွဲ့အစည်းအသီးသီးက ဆက်သွယ်ဆောင်ရွက် ပေးမှာဖြစ်ပြီး ဘယ်သူက ဘယ်လောက်ရမယ်ဆိုတာကလည်း အကျုံးဝင်လို့ တောင်းခံတဲ့သူရဲ့ တာဝန်ထမ်းဆောင်မှု အချက်အလက်များအရ တွက်ချက်ပေးပါလိမ့်မယ်လို့လည်း သူရ ဦးရွှေမန်းက ပြောပါတယ်။ နိုင်ငံရေးပင်စင်လို့ခေါ်နိုင်တဲ့ တလုံးတခဲတည်းချီးမြှင့်ငွေနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက လက်ရှိနိုင်ငံက စီးပွားရေးမကောင်း၊ နိုင်ငံရေး မတည်ငြိမ်သေးတဲ့အချိန်မှာ ပင်စင်ယူဖို့ လိပ်ပြာမသန့်ဘူးလို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။ “ခုလို နိုင်ငံက စီးပွားရေးမကောင်း၊ နိုင်ငံရေးကမငြိမ် ဖားကန့်လို ကိစ္စမျိုး ကြည့်မကောင်း လောက်တဲ့အဖြစ်ပျက်တွေ သက်ငယ် မုဒိန်းမှုတွေတွက် ခိုင်မာတဲ့ နိုင်ငံအကျိုးစီးပွား ပြည်သူ့ဘဝ ကာကွယ်မဲ့ ဥပဒေတွေ ဘာမှပြဌာန်းလို့ မပြီးသေးပဲ လွှတ်တော်က ထွက်ခွာချိန်မှာ ပင်စင်ယူဖို့ ဆိုတာလိပ်ပြာ မသန့်လို့ပါ။ ရခဲ့ရင်လည်း တလောက အကြော်ဝိုင်းရောင်းရင်း ဆယ်တန်းကို ၆ ဘာသာဂုဏ်ထူး ထွက်ပြီး ကျောင်းဆက်တက်ဖို့ ခက်တဲ့ ကျောင်းသားလေးကို ပေးလိုက် ချင်ပါတယ်။ လာရောက်ဆက်သွယ်ပေးပါ။” သူရဦးအောင်ကိုရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအပါအ၀င် ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေကို နိုင်ငံရေးပင်စင်လို့ ခေါ်တဲ့ တလုံးတည်းတခဲတည်း ပင်စင်ချီးမြှင့်ငွေကို လာမယ့်အစိုးရသစ်မတက်ခင်မှာ ချီးမြှင့်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ နိုင်ငံရေးပင်စင်ပေးမယ့် အစီအစဉ်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေသလို ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024