သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထား

1.9K
သီလဝါအထူးစီးပွားရေးဇုန်မှာ နိုင်ငံတကာက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီးပြီလို့ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားတာပါ။
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံက ကုမ္ပဏီ ၄၈ ခုကို ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ထုတ်ပေးခဲ့တယ်လို့ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက ပြောပါတယ်။
အထူးစီးပွားရေးဇုန် ၃ ခုလျာထားခဲ့တာမှာ အောင်မြင်မှုအရှိဆုံးနဲ့ လက်တွေ့ စတင်ဖော်ထုတ်နိုင်တာဟာ သီလဝါအထူးစီးပွားရေးဇုန်ဖြစ်ပြီး ပထမအဆင့် အနေနဲ့ ဟက်တာ ၄၀၀ ရှိတဲ့ Residential Area နဲ့ Commercial Area ကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ ဟက်တာ ၇၀၀ ကို စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး အကောင်အထည်ဖော်မယ့် MOU စာချုပ် လက်မှတ်ရေးထိုးဖို့ အစည်းအဝေး ပြုလုပ်ခဲ့ပြီးပြီလို့ ဒုတိယ သမ္မတက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်အနေနဲ့ ထားဝယ်၊ ကျောက်ဖြူနဲ့ သီလဝါဆိုပြီး ၃ ခု လုပ်ဆောင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။