တိုင်းရင်းသားချင်း လက်နက်ကိုင်ဖြေရှင်းမှု ရပ်တန့်ရန် ကေအန်အို တိုက်တွန်း

ဓာတ်ပုံ - ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်ပီပီ၊ အက်စ်အက်စ်အေ)
4.3K
ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေ)အနေနဲ့ တိုင်းရင်းသား နယ်မြေအတွင်းမှာ နယ်မြေစိုးမိုးရေးလုပ်ဆောင်မှုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအကြား လက်နက်ကိုင်ဖြေရှင်းမှုတွေ ရှောင်ကြည်ဖို့ ကချင်အမျိုးသား အစည်းအရုံး(ကေအန်အို)က တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ တိုက်တွန်းလိုက်တာဖြစ်ပြီး ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေ) အနေနဲ့ မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းသည်ဖြစ်စေ တခြားတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းနဲ့ စစ်ရေးအရ ဖြေရှင်းမှုကို လုံးဝ မလုပ်သင့်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ကချင်အမျိုးသားအစည်းအရုံး ပြောခွင့်ရသူ နော်လတ်က ဘယ်အရာမှ အတည်တကျ မဖြစ်သေးတဲ့အချိန်မှာ ပဋိပက္ခမဖြစ်ဖို့ တိုက်တွန်းတာဖြစ်တယ်လို့ ပြောပါတယ်။
“ပလောင်တွေရဲ့ လတ်တလော ထိန်းချုပ်ထားတဲ့ နယ်မြေမှာ RCSS တွေက သွားလာလှုပ်ရှားတဲ့ ဟာတွေက အခုလောလောဆယ် မလုပ်သင့်တဲ့ အခြေအနေဖြစ်တယ်ဆိုတဲ့ အကြောင်းကို ထောက်ပြချင်တာပါ။ အခုလောလောဆယ်က ဘယ်ဟာမှအတည်တကျမဖြစ်သေးတဲ့အချိန်မှာ တယောက်နဲ့တယောက်အဲလို ပဋိပက္ခဖြစ်တာ မသင့်တော်ဘူးဆိုတဲ့သဘောနဲ့ပါ။ ”
ဒီတိုက်တွန်းချက်နဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းကို ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဆက်သွယ်မှု မရသေးပါဘူး။
ရှမ်းပြည်နယ် မန်တုံမြို့နယ်၊ စယ်နေကျေးရွာနှင့် တရုန်းကျေးရွာကြား ဒီဇင်ဘာလ ၁၉ ရက် နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၄၇၈) နဲ့ မြန်မာ့တပ်မတော်တပ်မ (၇၇) နဲ့ RCSS/SSA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုး သားတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၉ ရက်နေ့အထိ နှစ်ဘက်အကြား နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးဒေ သမှာ တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားပြီး ကျောက်မဲမြို့နယ်၊ ညောင်ပန်လှကျေးရွာ အနီးမှာ ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ၂ ကြိမ် ထိတွေ့တိုက်ခိုက်မှု ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ တအာင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။