Home
မြန်မာသတင်း
ဖက်ဒရယ်တပ်မတော်တည်ဆောက်ရန် အပါအ၀င် အချက် ၇ ချက်ကို ကရင်နီညီလာခံတွင်ချမှတ်
DVB
·
December 21, 2015
ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်နိုင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တည် ဆောက်ဖို့နဲ့ ကရင်နီအမျိုးသားများ၏ စည်းလုံးညီညွတ်မှု တန်းတူညီမျှမှုနှင့် အနာဂတ်ပြည်နယ်ရေးရာကိစ္စမှာ ကရင်နီပြည်နယ် (ကရင်နီ) ဟူသော ဝေါဟာရအဓိပ္ပာယ်အောက်တွင် တည်ဆောက်ဖို့ ကရင်နီညီလာခံက ချမှတ်လိုက်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၅ ရက်တာပြု လုပ်တဲ့ ကရင်နီပြည်နယ်ညီလာခံကနေ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တည်ဆောက်ဖို့ ချမှတ်ခဲ့ပေမယ့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို မရောက်သေးတဲ့အတွက် ဘယ်လိုဖွဲ့စည်းမလဲဆိုတာကိုတော့ အဖြေကြားနိုင် သေးကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဌ ခူဦးရယ်က သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ “ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို မရောက်သေးတော့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ဘယ်လိုဖွဲ့စည်းမယ်ဆိုတာကို ကျနော်တို့ ဘယ်လိုမှ မှန်းယူလို့မရသေးပါဘူး။ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပေဒကို ရေးဆွဲပြီးမှ ကျနော်တို့ ဘယ်လို စုဖွဲ့ပါဝင်မလဲဆိုတဲ့ ကိစ္စကို စဉ်းစားလို့ရမယ့်ကိစ္စပါ။” ဒါ့အပြင် ညီလာခံအပြီး ထုတ်ပြန်တဲ့ ရပ်တည်ချက် ၇ ချက်မှာ စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စုစနစ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု၏ လိုလားချက်များ နှင့်အညီ ပြင်ဆင်ရန်နှင့် ပြည်သူအားလုံးပါဝင် အကြံပြုခွင့်ရှိရန်၊ တရားမျှတရေး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိသော ကရင်နီပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲ ပြဌာန်းရန်စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒီချမှတ်နိုင်တဲ့ ရပ်တည်ချက် ၇ ချက်ဟာ မြို့နယ်အဆင့်ဆင့်ကနေ ကျင်းပခဲ့တဲ့ညီလာခံကနေ တဆင့် ရရှိလာတဲ့ လူထုအသံဖြစ်ပြီး ဒီပြည်နယ်ညီလာခံမှာ ပြန်လည်စုစည်းထား တာဖြစ်တယ်လို့လည်း ကေအန်ပီပီအတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က ပြောပါတယ်။ “ဒီ ၅ ရက်အတွင်းမှာလည်း ကျနော်တို့ မြို့နယ်အဆင့်ကနေ ညီလာခံကနေပြီး စုစည်းထားတဲ့ သဘောထားရပ်တည်ချက်များကို ကျနော်တို့ ဒီညီလာခံမှာဆိုရင် ပြည်နယ်ရဲ့ အမျိုးသား ဘုံသဘောထား ရပ်တည်ချက်စုစည်းတဲ့နေရာမှာ အချက် ၇ ချက် ရရှိခဲ့တာဖြစ်ပါတယ်။” ကရင်နီပြည်နယ်ညီလာခံကို လွိုင်ကော်မြို့ရှိ ဘာဒိုကျေးရွာမှာ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)က ဦးဆောင်ကျင်းပတာဖြစ်ပြီး ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုပေါင်း ၆၀၀ လောက်တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024