ဘေဂျင်းတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံး အနီရောင်အဆင့် သတ်မှတ်

ဓာတ်ပုံ - ရိုက်တာ
784
တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့က မီးခိုးမြူမှုန်တွေ ထပ်ပြီး ဆိုးဆိုးဝါးဝါး ကျရောက်လာတဲ့အတွက် လတ်တလော ကားတွေနဲ့ စက်ရုံတွေကို ရပ်နားထားဖို့ မြို့တော်အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး မြို့တော်အစိုးရက လေထုညစ်ညမ်းမှု အမြင့်ဆုံး သတ်မှတ်ချက်ဖြစ်တဲ့ အနီရောင်အဆင့် သတ်မှတ်လိုက်တဲ့အတွက် ကျောင်းတွေကို ပိတ်ထားရပြီး မြို့တော်က ကားအစီးရေ ထက်ဝက်လောက် မောင်းနှင်ခွင့် ပိတ်ထားလိုက်ပါတယ်။
အခုလို လေထုညစ်ညမ်းမှု အနီရောင်အဆင့်ကို သီတင်းပတ်တွေအတွင်း ဒုတိယအကြိမ် သတ်မှတ်ချက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဘေဂျင်းမြို့တော်မှာ လေထုညစ်ညမ်းမှု ကင်းစင်သွားလိုက်၊ တရက်နှစ်ရက်နေပြီး အခုလို လေထုအခြေအနေက ပြန်ဆိုးလာလိုက်နဲ့ ဖြစ်နေတာပါ။
အခုရက်တွေမှာလည်း လေမတိုက်ခတ်ဘဲ ငြိမ်နေတဲ့အတွက် လာမယ့် ဒီဇင်ဘာ ၂၂ ရက်နေ့အထိ အခုလိုပဲ မီးခိုးမြူမှုန်တွေ ဖုံးအုပ်နေလိမ့်ဦးမယ်လို့ ဒေသခံအာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။
အခုတကြိမ် လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ပုံမှန် လေထုအရည်အသွေး သတ်မှတ်ချက်ထက် အဆ ၂၀ ကျော် ဆိုးရွားနေတယ်လို့လည်း ဆိုပါတယ်။
ဘေဂျင်းမြို့ခံတွေကတော့ အစိုးရရဲ့ ကြေညာချက်၊ သတ်မှတ်ချက်တွေက အပြင်မှာ တကယ် လေထုညစ်ညမ်းနေတာထက် လွန်ကဲနေတယ်လို့ အင်တာနက် လူမှုကွန်ရက်တွေမှာ ပြောဆိုနေကြပြီး ကားတွေ ပိတ်ပင်ထားတဲ့အတွက်လည်း ပြစ်တင်ဝေဖန်နေကြပါတယ်။