တာအသစ်ဆောက်ရန် ကိုင်းမြေများတွင် အမှတ်အသားပြုလုပ်မှု တောင်သူများစိုးရိမ်




807
ပဲခူးတိုင်းဒေသကြီး၊ မိုးညို၊ လက်ပံတန်းနဲ့ မင်းလှမြို့နယ်တွေမှာ မြစ်ရေတား တာအသစ်ဆောက်ဖို့ အနားက ကိုင်းမြေတွေမှာ အမှတ်အသားတွေ လာလုပ်နေတဲ့အတွက် တောင်သူတွေ စိုးရိမ်နေကြပါတယ်။
"ကိုင်းမြေထဲက ပေ ၁၀၀ အထိ အလံတွေ လာစိုက်သွားတယ်။ မေးကြည့်တော့ တာအသစ်လုပ်ဖို့အတွက် နေရာနဲ့ မြေတူးဖို့လို့ ပြောတယ်။ ကိုင်းမြေတွေက ပုံစံ ၇ ကျပြီးသားတွေပါ" လို့ မိုးညိုမြို့နယ်၊ ပန်းတောရွာက ကိုကျော်ကျော်စိုးက ပြောပါတယ်။
အမှတ်အသား လုပ်ထားတာက ဘုရားကြီးကုန်းရွာကနေ ညောင်လေးပင်ရွာအထိ ရွာငါးရွာ ပါဝင်ပြီး ရှစ်မိုင်အရှည် ရှိပါတယ်။
လက်ရှိမှာ တာတခုရှိပြီးဖြစ်ပေမယ့် အတွင်းဘက်မှာ နောက်တခု ထပ်ဖို့မှာ ဖြစ်ပါတယ်။
"လက်ရှိတာက အောက်ခြေမှာ ပေ ၆၀ လောက်ကျယ်တယ်။ ၁၂ ပေလောက် မြင့်တယ်။ အဲလို နောက်တခုလုပ်ဖို့အတွက် မြေတူးမယ်ဆိုရင် ကိုင်းတွေအားလုံး အိုင်တွေ ဖြစ်ကုန်မယ်။ ဒီလိုလုပ်ဖို့ ကြိုတင်အကြောင်းကြားတာ မရှိတဲ့အပြင် ဆုံးရှုံးမှာတွေအတွက် ဘယ်လို အစားပြန်ပေးမယ်ဆိုတာ မသိရဘူး" လို့လည်း ဒေသခံတောင်သူ ဦးစိုးနိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ မိုးရာသီမှာ ရေကြီးတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မြစ်နားမှာရှိတဲ့ အဲဒီနေရာတွေကို တာတခုနဲ့ ထပ်ကာဖို့ စီစဉ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သတင်းဓာတ်ပုံ - ပိုင်စိုး