အမေရိကန်က ၂၄ နာရီ စောင့်ကြည့်နိုင်ဟု ဦးဝီရသူ မိန့်ကြား

Buddhist monk Wirathu, leader of the 969, stands outside of Tarmway court to support Venerable U Uttara (not in pictured ), a leader of Buddhists in Britain during his court hearing in Yangon June 20, 2014. REUTERS/Soe Zeya Tun
3.4K
မြန်မာနိုင်ငံအတွင်း ဘာသာရေးနဲ့ တိုင်းရင်းသား လူမျိုးရေး အကြမ်းဖက်မှုတွေကို လှုံ့ဆော်နှိုးဆွတဲ့ တဦးချင်းနဲ့ အဖွဲ့အစည်းတွေကို အကူအညီမပေးဖို့ အမေရိကန်ပြည်ထောင်စုက တားမြစ်လိုက်ပါတယ်။
ခုရက်ပိုင်းအတွင်း အမေရိကန်လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုပေးလိုက်တဲ့ ၂၀၁၆ ခုနှစ် သုံးစွဲငွေ ဥပဒေကြမ်းမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အရေးပါတဲ့ ဆောင်ရွက်ချက်တွေနဲ့ အရှေ့အလယ်ပိုင်း ခရစ်ယာန်တွေနဲ့ မြန်မာက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က အရေးယူဆောင်ရွက်ဖို့ ဖိအားပေးနိုင်တဲ့အချက်တွေ ဥပဒေမှာ ပါတဲ့အတွက် ၀မ်းသာတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ Ed Royce က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဒီဥပဒေမှာ မန္တလေး မစိုးရိမ်တိုက်က ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အသေးစိတ် ပြန်လည်သုံးသပ်ဖို့လည်း ရေးသားထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ သူ့ကို ၂၄ နာရီစောင့်ကြည့်ဖို့ မိန့်ပါတယ်။
“ဦးဇင်းကျောင်းရှေ့မှာ ရုံးခန်းလေးတခုဖွင့်ပြီးတော့ ဦးဇင်း အိပ်ရာထကနေ အိပ်ရာဝင်တဲ့ထိလာပြီး စောင့်ကြည့်ပေးဖို့၊ အဲ့ဒီလို စောင့်ကြည့်ပြီးတော့ နေ့စဉ်တွေ့ရှိရတဲ့ အချက်အလက်တွေကိုလည်း အိမ်ဖြူတော်ကို ပေးပို့ဖို့ပေါ့။ နောက် လစဉ် သုံးသပ်ချက်တွေကိုလည်း ကမ္ဘာကြီးကို ချပြပေးဖို့ပေါ့၊ အဲ့ဒီလို ၂၄ နာရီစောင့်ကြည့်ပြီး ကမ္ဘာကြီးကို မှန်မှန်ကန်ကန်ချပြပေးပါလို့ ဦးဇင်းပြောချင်တယ်။”
ဒါ့အပြင် ထုတ်ပြန်ချက်မှာ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) ကို တိုက်ဖျက်ရာမှာ အရေးပါတဲ့ ငွေကြေးတွေ ထောက်ပံ့ပေးဖို့ စတာတွေလည်း ထည့်သွင်းရေးဆွဲထားပါတယ်။
ဥပဒေမူကြမ်းအရ အမေရိကန်အစိုးရဟာ အခုဘဏ္ဏာရေးနှစ်အတွက် ငွေသန်းပေါင်း ဘီလီယံ ၁၀၀၀ ကျော် သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံး အတည်ပြုပြီးဖြစ်တာကြောင့် သမ္မတ လက်မှတ်ထိုးပြီးရင် ဥပဒေ အတည်ဖြစ်လာမှာပါ။