ထိုင်းတွင် မှောင်ခိုဆင်စွယ်များ ဖမ်းမိ

702
ထိုင်းအာဏာပိုင်တွေက အမေရိကန်ဒေါ်လာ ၁ သန်းဖိုး တန်ဖိုးရှိတဲ့ မှောင်ခိုဆင်စွယ် ကီလို ၇၀၀ ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သိမ်းဆည်းခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ဆင်စွယ် စုစုပေါင်း ၂၈၉ ခုကို ထုပ်ပိုးထားတဲ့ သေတ္တာဟာ နိုင်ဂျီးရီးယား နိုင်ငံက လာပြီး စင်ကာပူနိုင်ငံကို ဖြတ်သန်းခဲ့တယ်၊ အဲဒီနောက် ထိုင်းနိုင်ငံ ကော့စမွီကျွန်း အကောက်ခွန်ဌာနကို ဒီဇင်ဘာ ၁၀ ရက်နေ့က ရောက်ခဲ့တယ်လို့ အကောက်ခွန်ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီသင်္ဘောတင်ပို့မှုနဲ့ပတ်သက်ပြီး နောက်ကွယ်မှာ ဘာလဲဆိုတာ သိဖို့ စုံစမ်းစစ်ဆေးမှုကို အာဏာပိုင်တွေက စတင် လုပ်ဆောင်နေပါပြီ။ ထိုင်းနိုင်ငံဟာ အာရှမှာ အာဖရိက ဆင်စွယ်မှောင်ခိုမှု အတွက် ထိပ်တန်းပန်းတိုင်ပါ။
မျိုးသုဉ်းမယ့် အန္တရာယ်ရှိတဲ့ မျိုးစိတ်တွေ ကုန်ကူးမှု တားမြစ်ရေး နိုင်ငံတကာ သဘော တူညီချက် CITES လက်အောက်မှာ တရားမဝင် ဆင်စွယ်ကုန်ကူးမှုကို နှိမ်နင်းဖို့နဲ့ မဟုတ်ရင် ဒဏ်ခတ်မှုကို ရင်ဆိုင်ရမယ့် ဖိအားတွေ တိုးလာနေပါတယ်။
ထိုင်းနိုင်ငံထဲကို မှောင်ခိုသွင်းတဲ့ ဆင်စွယ်အများအပြားဟာ တခြားနိုင်ငံကပါ။ လက်မှုပစ္စည်းအဖြစ် ထုဆစ်ပြီးရင် တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတွေဆီ သင်္ဘောနဲ့ တင်ပို့လေ့ ရှိပါတယ်။
ဇန်နဝါရီလက ထိုင်းအစိုးရဟာ ဆင်စွယ် ပိုင်ဆိုင် ကုန်ကူးမှုကို ထိန်းချုပ် စည်းကမ်း တင်းကြပ်ဖို့ ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။
ဥပဒေအရ အာဖရိက ဆင်စွယ်တွေကို ထိုင်းနိုင်ငံအတွင်း ရောင်းချဖို့ ပိုင်ဆိုင်မှုကို တားမြစ်ထားပါတယ်။
ဧပြီလက ထိုင်း အကောက်ခွန် အရာရှိတွေဟာ အမေရိကန် ဒေါ်လာ ၆ သန်းတန်တဲ့ ဆင်စွယ်လေးတန်ကို သိမ်းဆည်းမိခဲ့ပါတယ်။ ထိုင်းသမိုင်းမှာ အများဆုံး သိမ်းမိမှုလို့ အကောက်ခွန်ဌာနက ဆိုပါတယ်။
၂၀၁၃ ခုနှစ်က အာဖရိကဆင် ကောင်ရေ ၂ သောင်းကျော် ဆင်စွယ်အတွက် အသတ်ခံခဲ့ရတယ်လို့ CITES စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
ခုတော့ အာဖရိက ဆင်ကောင်ရေ ၅ သိန်းလောက်သာ ကျန်တော့တယ်လို့ ယုံကြည်နေကြပါတယ်။