A d v e r t i s e m e n t With Us

နိုင်ငံရေးဆွေးနွေးပွဲ ဇန်န၀ါရီ စမည်

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတရပ်ကို လာမယ့် ၂၀၁၆ ခု၊ ဇန်န၀ါရီ ၁၂ ရက်မှာ စတင်ကျင်းပမယ်လို့ သမ္မတက ကြေညာလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခုတို့ အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေ ရေးဆွဲခဲ့ကြပြီး အခု နိုင်ငံရေးဆွေးနွေးပွဲကျင်းပမယ့်ရက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးကြေညာချက်အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှာ ရေးဆွဲပြီးစီးခဲ့တဲ့ နိုင်ငံရေးမူဘောင်တွေအပေါ် အခြေခံပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ ဒီညီလာခံကို ကျင်းပပြုလုပ်မှာလို့ ဖော်ပြပါရှိပါတယ်။ နိုင်ငံရေးမူဘောင်တွေ ရေးဆွဲစဉ်က ပါဝင်ခဲ့သူတဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က အခု အစိုးရလက်ထက် ဒီညီလာခံ စတင်နိုင်ခဲ့တဲ့အပေါ် ခုလို သုံးသပ်ပြောပါတယ်။ “အန်စီအေစာချုပ်အရ စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၉၀ အတွင်း ညီလာခံခေါ်ရမယ်၊ ဒီအချက်ကို အခု ကျန်ရှိနေတဲ့အစိုးရက လုပ်နေတာလေ၊ အဖွဲ့ချုပ်အနေနဲ့က ငြိမ်းချမ်းရေးဟာ အရေးကြီးတယ်လို့ ခံယူထားပြီးသားဖြစ်တယ်၊ အခု အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံ စနိုင်အောင် ကြိုးစားသွားတဲ့ကိစ္စဖြစ်တယ်၊ စထားပြီး ဟိုဘက် အစိုးရအပြောင်းအလဲဖြစ်တဲ့အခါ ကျနော်တို့က ဘာတွေ လိုအပ်နေလဲ၊ ဘာတွေလုပ်ပေးရမလဲပေါ့” ရေးဆွဲပြီးသွားတဲ့ နိုင်ငံရေးမူဘောင်မှာ ဆွေးနွေးရမယ့် ခေါင်းစဉ်ပေါင်းများစွာ ပါဝင်တယ်လို့လည်း ပြောပါတယ်။ ဇန်န၀ါရီမှာ စတင်မယ့် ဒီညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားနဲ့ ဖိတ်ကြားသင့်သူများ စတဲ့ အစုအဖွဲ့ ၇ ဖွဲ့က ကိုယ်စားလှယ် ၇၀၀ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို အခု စတင်မယ့် ညီလာခံတက်ရောက်ဖို့ တရားဝင်ဖိတ်ကြားထားတာ မရှိသေးဘဲ ဖိတ် မဖိတ်လည်း မသေချာသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ညီလာခံတက်ကြမယ့် တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ရွေးချယ်တဲ့နေရာမှာလည်း သတ်မှတ်ချက်တချို့ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချူပ် ​(အက်စ်အန်အယ်လ်ဒီ) ​ပါတီ၊ ဗဟိုအလုပ်အမှုဆောင် စိုးဝင်းကျော်ညွန့်က “တိုင်းရင်းသားကိုယ်စားလှယ်ဆိုတာက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထဲမှာ မပါတဲ့သူ ဖြစ်ရမယ်။ လွှတ်တော်၊ တပ်မတော်၊ အစိုးရနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းထဲကလည်း မဖြစ်ရဘူး၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကလည်း မဖြစ်ရဘူး၊ နောက်ပြီးတော့ နိုင်ငံရေးပါတီ ထောင်ထားတဲ့ အဖွဲ့အစည်းထဲကလည်း မဖြစ်ရဘူး” လို့ ပြောပါတယ်။ အဲ့ဒီသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ တိုင်းရင်းသားကိုယ်စားလှယ်ကို အစိုးရလွှတ်တော်နဲ့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီ စတဲ့ အစုအဖွဲ့ ၃ ခုက အချိုးကျ ရွေးချယ်ပေးကြရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up