မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေ ကုလ ဝေဖန်ရှုတ်ချ

783
ကုလသမဂ္ဂ အထွေထွေညီလာခံက မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေကို ဝေဖန်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ မဖြစ်မနေ လိုက်နာရမယ့်အရာ မဟုတ်ပေမယ့် နိုင်ငံရေးအရ သက်ရောက်မှု ရှိနိုင်ပါတယ်။
ဆုံးဖြတ်ချက်ကို မဲခွဲရာမှာ ထောက်ခံမဲ ၁၁၉ မဲ၊ ကန့်ကွက်မဲ ၁၉ မဲ၊ ကြားနေမဲ ၄၈ မဲနဲ့ အတည်ပြုလိုက်တာပါ။
ဆုံးဖြတ်ချက်မူကြမ်းကို အီးယူနဲ့ ဂျပန်တို့က ရေးခဲ့ပြီး မြောက်ကိုရီးယားမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကွက်ကျကျ။ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်လို့ ဆိုထားပါတယ်။
မြောက်ကိုရီးယား အခြေအနေကို နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးတင်ဖို့အထိ လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။
ဒါပေမယ့် မြောက်ကိုရီးယားရဲ့ မဟာမိတ် တရုတ်က လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လို့ ဗီတိုနဲ့ ပယ်ချနိုင်ပါတယ်။
မြောက်ကိုရီးယား သံတမန်ကတော့ ဒါဟာ အမေရိကန်၊ ဂျပန်နဲ့ တခြားနိုင်ငံတွေက မြောက်ကိုရီးယားကို ပျက်စီးရာပျက်စီးကြောင်း ပူးပေါင်းကြံစည်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ မဟာမိတ် တရုတ်၊ ရုရှား၊ ဆီးရီးယား၊ ကျူးဘား၊ အီဂျစ်နဲ့ အီရန်တို့က ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့ကြတာပါ။