ပျောက်ဆုံး ဗြိတိန်နိုင်ငံသားကို ထိုင်းတောင်ပိုင်းတွင် ဘေးကင်းစွာ ပြန်တွေ့

ဂျော်ဒန် ဂျက်ကော့။ (ဓာတ်ပုံ - bangkok.coconuts.co)
ထိုင်းနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ ဗြိတိန်နိုင်ငံသားကို ကော့ပီပီကျွန်းမှာ ကျန်းမာ ဘေးကင်းစွာနဲ့ ပြန်လည်တွေ့ရှိတယ်လို့ ထိုင်းရဲအဖွဲ့က ပြောပါတယ်။ အသက် ၂၁ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဂျော်ဒန် ဂျက်ကော့ဟာ အင်္ဂလန် အနောက်တောင်ပိုင်း ဝေ့လ်တ်ရှိုင်းယား (Wiltshire) နယ်မြေကဖြစ်ပြီး အရင်တပတ်ကျော်ကတည်းက အဆက်အသွယ် ပြတ်တောက်ခဲ့တယ်ဆိုပြီး သူ့မိသားစုက ရဲကို အကြောင်းကြားခဲ့တာပါ။ ဒီမတိုင်ခင်မှာ သူ့မိသားစုဆီ နောက်ဆုံး နှုတ်ဆက်တဲ့ စာတိုတွေ၊ ဖေ့စ်ဘွတ်ခ်မက်ဆေ့ခ်ျတွေကို ပေးပို့ခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေမှာ ဖော်ပြပါတယ်။ အခုတော့ သူ့ကို ကျန်းမာဘေးကင်းစွာနဲ့ ပြန်တွေ့တဲ့အကြောင်း ကော့ပီပီကျွန်း ရဲဌာနက ရိုက်တာသတင်းဌာနကို အတည်ပြု ပြောကြားပါတယ်။ ကာယကံရှင် ဂျက်ကော့ ကိုယ်တိုင်ကတော့ ထိုင်းမှာ အလုပ်ရှာနေပုံရပြီး ဒီဇင်ဘာ ၂၅ ရက်နေ့ ဗီဇာသက်တမ်း မကုန်ခင်မှာ သက်တမ်းတိုးဖို့ ဆန္ဒရှိနေတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ သူ့မိသားစုကို နောက်ဆုံး နှုတ်ဆက်တဲ့စာတွေ ပို့ခဲ့တဲ့ အကြောင်းကိုတော့ ရှင်းမပြပါဘူး။ ဂျက်ကော့ဟာ အရှေ့တောင်အာရှဒေသမှာ အပျော်ခရီးထွက်နေပြီး ခရစ္စမတ်အမီ အိမ်ပြန်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခု သူ့ကို ပြန်တွေ့တဲ့ကျွန်းဟာ ထိုင်းတောင်ပိုင်းမှာ လည်ပတ်သူတွေ များတဲ့နေရာ ဖြစ်ပါတယ်။ မနှစ်တုန်းက ထိုင်းတောင်ပိုင်း ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရပါတယ်။ အဲဒီအမှုအတွက် မြန်မာလူငယ် ၂ ဦးကို စွပ်စွဲထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up