Home
မြန်မာသတင်း
ထိုင်းရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အခွင့်အရေးအတွက် ချီတက်တောင်းဆို
နော်နိုရင်း
·
December 18, 2015
ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံကရွှေ့ပြောင်းအလုပ်သမားတွေ စုပေါင်းပြီး အလုပ်သမားအခွင့်အရေးအတွက် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့မှာ ရွှေ့ပြောင်းအလုပ်သမား ၃၀၀ လောက်က ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ကနေ့ မူစီဝပ်ထစ် ဘုန်းတော်ကြီးကျောင်းဆီ လမ်းလျှောက်ချီတက်ပြီး အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ “အထူးသဖြင့်တော့ ကျနော်တို့ ၄ နှစ်ဗွီဇာ ကုန်တဲ့ကိစ္စပေါ့နော်။ ဘတ် (အလုပ်သမားကတ်) သမားတွေက ထိုင်းနိုင်ငံမှာ လုပ်တဲ့ ပကန်စံခွန်းလို့ ခေါ်တဲ့ (လူမှုဖူလုံရေး အာမခံ) ပြုလုပ်ခွင့်မရှိပေမယ့် အလုပ်ရုံတွေက ပကန်စံခွန်ဖြတ်ထားတဲ့အကြောင်းတွေ၊ အလုပ်ခွင့်ထဲမှာ ထိခိုက်မှုတွေဖြစ်တဲ့အခါကျရင် အလုပ်ရှင်တွေက တာဝန်မယူဘဲနဲ့ အလုပ်သမားတွေကို စွန့်ပစ်ထားတာမျိုးပေါ့။ အဲဒီအကြောင်းတွေကို ကျနော်တို့ အဓိက တောင်းဆိုတယ်ဗျာ။” လမ်းလျောက်ချီတက်ပြီး ၀ထစ်ဘုန်းကြီးကျောင်းမှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို ကျင်းပပြီး ထိုင်းအစိုးရတာဝန်ရှိသူ၊ အလုပ်သမား အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက တက်ရောက်ခဲ့ကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ဒီကနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ မြန်မာအစိုးရအနေနဲ့ အလုပ်သမားတွေအတွက် ငွေကုန်ကြေးကျမများဖို့ ရည်ရွယ်လုပ်ဆောင် ပေမယ့် အလုပ်မဖြစ်တဲ့ကြောင်း ဖော်ပြထားပါတယ်။ “မြန်မာနှင့်ထိုင်းအစိုးရက အလုပ်သမားများ ငွေကုန်ကြေးကျ မများစေရန်အတွက် ယာယီ နိုင်ငံကူး လက်မှတ်ကို ဘတ် ၅၅၀၊ ၂ နှစ်ဗီဇာကို ဘတ် ၅၀၀ စုစုပေါင်း ဘတ် ၁၀၅၀ သာ သတ်မှတ်ထားခဲ့တယ်။ သို့သော် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေဟာ ဤလုပ်ငန်းစဉ်အတွက် တဦးလျှင် အနည်းဆုံး ဘတ် ၅၅၀၀ မှ ဘတ် ၉၀၀၀ အထိ ပွဲစားကုမ္ပဏီများကို ပေးဆောင်ခဲ့ရသည်။ မိမိအစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်သို့ ၀င်ရောက်ပြုလုပ်ရန် မရရှိပဲ ၂ဖက်အစိုးရ၀န် ထမ်းတို့နှင့်ချိတ်ဆက်ထားသည့် ပွဲစားကုမ္ပဏီ ဖြင့်သာ လျှောက်လွှာတင်ရသည့်အတွက် ယခုကဲ့သို့ ငွေကုန်ကြေးကျ များစွာပေးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် မူလရည်ရွယ်ချက်ကောင်းမွန်သော်လည်း ပွင့်လင်းမြင်သာမှုမရှိသည့် ၂ ဖက် အစိုးရတို့၏ လုပ်ငန်းစဉ်များကြောင့် ဤကဲ့သို့ မတရားအမြတ် ထုတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အလုပ်သမား ၁ ဦးလျှင် ပျမ်းမျှအနေဖြင့် ဘတ် ၃ ထောင်ခန့် အမြတ်ထုတ်ခံခဲ့ရသည်ဟု တွက်လျှင်ပင် မြန်မာအလုပ်သမားစုစုပေါင်း ၁ ဒသမ ၇ သန်းတို့သည် အနည်းဆုံး ဘတ်သန်းပေါင်း ၅၁၀၀ ခန့် မတရားအမြတ်ထုတ်ခံခဲ့ရသည်” လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ၆ နှစ်ဗီဇာ သက်တမ်းကုန်တဲ့ အလုပ်သမားတွေ၊ ၄ နှစ်ဗီဇာသက်တမ်းကုန်တဲ့ MoU အလုပ်သမားတွေအတွက် ထိုင်းနိုင်ငံမှာ ဆက်လက်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် လွယ်ကူပြီး ပွင့်လင်းမြင်သာတဲ့ တဆင့်ခံ ပွဲစားမလိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို အမြန်ဆုံးချမှတ် လုပ်ဆောင်ပေးဖို့ အပါအ၀င် ၄ ချက်ကို ဒီကနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ နှစ်စဉ် ဒီဇင်ဘာ ၁၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ္ဂညီလာခံက လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလက သတ်မှတ်ပေးခဲ့တာပါ။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၃ သန်းလောက် ရွှေ့ပြောင်းဝင်ရောက် လုပ်ကိုင်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024