Home
မြန်မာသတင်း
တအာင်းတပ်နှင့် အာစီအက်စ်အက်စ် တိုက်ပွဲပြန်ဖြစ်
နော်နိုရင်း
·
December 18, 2015
ရှမ်းပြည်နယ် ကွတ်ခိုင်၊ ကျောက်မဲနဲ့ မန်တုံမြို့နယ်တွေအတွင်း ဒီဇင်ဘာ ၁၆ ရက်ကစပြီး တအာင်းတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေ) တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။ တအာင်းနယ်မြေအတွင်းကို ရှမ်းပြည်တပ်မတော်တောင်ပိုင်းက ကျူးကျော် ၀င်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားရတာလို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။ “ဘာကြောင့် ဖြစ်ရတာလဲဆိုရင် အာစီအက်စ်အက်စ်က မူလ ကျနော်တို့ဆီမှာ လှုပ်ရှားမှု မရှိဘူး။ အန်စီအေ လက်မှတ်ထိုးပြီးနောက်ပိုင်း ကျနော်တို့ဒေသမှာ ကျော်ပြီး ရောက်လာတာပေါ့နော်။ ကျနော်တို့ လှုပ်ရှားတဲ့ဒေသတွေကို သူတို့က တက်လာတယ်။ တက်လာပြီးမှ သီပေါ၊ ကျောက်မဲကနေတဆင့် ၀င်လာတယ်။ ကျနော်တို့က မ၀င်လာဖို့ မေတ္တာရပ်ခံတယ်။ တားမြစ်တယ်။ ဒါပေမယ့် သူတို့ အတင်းဝင်လာတယ်။ နောက်ဆုံး သူတို့တပ်ဖွဲ့ နမ်းခမ်းမိုင်းဝီးဒေသအထိ ရောက်သွားတယ်။ အဲမှာစပြီး ကျနော်တို့တပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ။” နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၉ ရက်နေ့အထိ နှစ်ဘက်အကြား နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးဒေသမှာ တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားပြီး  ကျောက်မဲမြို့နယ်၊ ညောင်ပန်လှကျေးရွာ အနီးမှာ ဒီဇင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ၂ ကြိမ် ထိတွေ့တိုက်ခိုက်မှု ပြန်လည် ဖြစ်ပွားခဲ့တယ်လို့ တအာင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်တပ်မတော်တောင်ပိုင်းကို မေးမြန်းရာမှာလည်း တိုက်ပွဲဖြစ်တာကို အတည်ပြုပြောဆိုထားပြီး သူတို့တပ်ဖွဲ့ကို တအာင်းပလောင်တပ်တွေက လာတိုက်တာကြောင့် တိုက်ပွဲဖြစ်တာလို့  ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက  ပြောပါတယ်။ “သူတို့ဟာ ကျနော်တို့ရဲ့ ရန်သူလည်း မဟုတ်ပါဘူး။ ဘယ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မဆို ကျနော်တို့ရဲ့ မဟာမိတ်လို့ပဲ ကျနော်တို့ မြင်တယ်၊ သတ်မှတ်တယ်။ ရန်သူလို့ ဘယ်အဖွဲ့အစည်းကိုမှ မသတ်မှတ်ဘူး၊ မမြင်ဘူး။ ဆိုတော့ ကျနော်တို့ကို မတိုက်ရင် တိုက်ပွဲက ဖြစ်စရာမရှိဘူး။ ကျနော်တို့ကို လာတိုက်ရင်တော့ ကျနော်တို့ကိုယ်ကို ကာကွယ်ရတာပေါ့။ နမ့်ခမ်းဆိုတာလည်း ကျနော်တို့နေခဲ့ဖူးတဲ့ နေရာပဲ။ နေနေတာပဲ။ အဲဒါလည်း ပလောင်တပ်ဖွဲ့တွေ သိပါတယ်။ ကချင်လည်း သိတယ်။ ရှမ်းမြောက်တွေလည်း သိတယ်။ အစိုးရတွေလည်း သိတယ်။ ကျနော်တို့ပြန်သွားတော့ လမ်းခုလတ်မှာ ချုံခိုတိုက်ခိုက်ခံရတော့ ကျနော်တို့တပ်သား ၃ ဦး ကျဆုံးတယ်။ ၅ ဦး ဒဏ်ရာရတယ်။ ဆိုတော့ သူများလာတိုက်တာကို ကျနော်တို့က ငုံ့ခံပေးရမှာလားဆိုတာ စစ်ရဲ့ထုံးစံ မဟုတ်ဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ပြန်ကာကွယ်ရတာပေါ့။ ကိုယ့်နေရာကို ပြန်သွားဖို့လည်း သူတို့ကို အကြောင်းကြားတာပဲ။ အဲဒါ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ ရှင်းလင်းဖို့လည်း လိုအပ်တာပေါ့။ တိုက်ပွဲမဖြစ်အောင် ရှေ့တန်းတပ်တွေလည်း အချင်းချင်းညှိကြပါ။ အရင်တုန်းကလည်း အတူတူနေခဲ့ဖူးတဲ့ နေရာတွေပဲ။ အပြန်အလှန် ဆက်ဆံရေးတွေရှိတယ်။ ရိုင်းပင်းကူညီမှုတွေ ရှိတယ်။ အခုမှ ကျနော်တို့ကို ရန်သူလို ဆက်ဆံပြီးတော့ တိုက်ခိုက်တာက ဘာသဘောလဲဆိုတာ ကျနော်တို့ နားမလည်သေးဘူး။ အဲဒီကိစ္စကိုလည်း ရှင်းလင်းပေးဖို့ ကျနော်တို့ တောင်းဆိုထားတယ်။ ကျဆုံးသွားတဲ့ ရဲဘော်အတွက်လည်း ပြန်တာဝန်ယူပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။” တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး နှစ်ဘက်ညှိနှိုင်းဖို့ အစီအစဉ်ရှိမရှိ မေးမြန်းကြည့်ရာမှာတော့ နှစ်ဘက်စလုံးက ကမ်းလှမ်းလာရင် တွေ့ဆုံမယ်လို့ ပြောဆိုပေမယ့် ဘယ်အဖွဲ့ကမှ စတင်ကမ်းလှမ်းဖို့ အစီအစဉ်မရှိဘူးလို့ နှစ်ဘက်အဖွဲ့က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024