၂၀၁၅ ခုနှစ် ပဋိပက္ခဒေသတွင်း မွေးဖွားလာသည့် ကလေးငယ်များ (သတင်းဓာတ်ပုံ)

2.1K
၂၀၁၅ ခုနှစ်အတွင်းမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွင်း မွေးဖွားလာခဲ့တဲ့ မွေးကင်းစ ကလေးဦးရေဟာ ကမ္ဘာတလွှား ၁၆ သန်းကျော်ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ယူနီဆက်ဖ်ရဲ့ အမှုဆောင်ဒါရိုက်တာ အန်သိုနီလိတ်ခ်က “၂ စက္ကန့်တိုင်းမှာ မွေးကင်းစကလေးတယောက်ဟာ သူ့ရဲ့ ပထမဆုံး အသက်ရှူခွင့်ကိုရဖို့ ပဋိပက္ခဒေသတွေမှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုမရဘဲ ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ” လို့ ပြောပါတယ်။
ဒီပုံကတော့ ဆူဒန်နိုင်ငံတောင်ပိုင်း မလက်ကာမြို့ ကယ်ဆယ်ရေးစခန်းတွင်းမှာ မွေးဖွားခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ဂျူလီအက်ကောလ်ရဲ့ မွေးကင်းစ သားယောက်ျားလေးပုံပါ။ အစားရေစာပြတ်လပ်မှုနဲ့ မလုံခြုံမှုတွေကြောင့် ဂျူလီအက်ကောလ်နဲ့ သူ့မိခင်တို့ဟာ ၂၀၁၃ ခုနှစ်၊ မေလကတည်းက ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့လာခဲ့ကြတာပါ။
ဂျူလီအက်ကောလ်က သူ့ရဲ့မွေးကင်းစကလေးကို ပွေ့ယူဖို့ လုပ်နေတာပါ။
ကမ္ဘာတလွှား ပဋိပက္ခဖြစ်ပွားရာဒေသတွေဖြစ်တဲ့ အာဖဂန်နစ္စတန်၊ အာဖရိကအလယ်ပိုင်း၊ အီရတ်၊ တောင်ပိုင်းဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်လိုနိုင်ငံတွေမှာ စစ်ပွဲတွေကနေလွတ်မြောက်ဖို့၊ မွေးကင်းစကလေးနဲ့ မိခင်တွေဟာ စွန့်စားနေကြရတာပါ။
ကျန်းမာရေးစောင့်ရှောက်မှုမရှိဘဲ မွေးဖွားရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အန္တရာယ်များသလို မွေးဖွားလာတဲ့ ကလေးငယ်ဟာ ၅ ရက်သားမပြည့်ခင် သေဆုံးသွားနိုင်တဲ့ ဖြစ်နိုင်ချေလည်း များပါတယ်။
လက်ဘနွန်နိုင်ငံ၊ ဘက်ကာတောင်ကြားက ရွက်ဖျင်တဲရှေ့မှာ ရိုက်ကူးထားတဲ့ ဆီးရီးယားဒုက္ခသည် အသက် ၁၄ နှစ်အရွယ် အမီနာတို့သားအမိပုံပါ။
အမီနာဟာ လွန်ခဲ့တဲ့ ၂ နှစ်တည်းက လက်ထပ်ခဲ့ရတာဖြစ်ပြီး ကလေး ၂ ယောက်မိခင် ဖြစ်နေပါပြီ။ များစွာသော ဆီးရီးယားဒုက္ခသည်တွေဟာ လက်ဘနွန်နိုင်ငံမှာ ဆက်လက်အသက်ရှင် ရပ်တည်နိုင်ဖို့၊ မိန်းကလေးငယ်တွေရဲ့ဘ၀ကို ကာကွယ်ဖို့၊ မိသားစုရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့ စတာတွေအတွက် သမီးတွေကို အရွယ်ငယ်ငယ်နဲ့ အိမ်ထောင်ပြုပေးနေရတာပါ။
၂၀၁၅ ခုနှစ် ပထမကိုးလအတွင်း ဥရောပသမဂ္ဂနိုင်ငံတွေထဲ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူ ကလေးဦးရေ ၂ သိန်းကျော်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ စစ်ပွဲတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဖိစီးနှိပ်စက်မှုတွေကြောင့် တကမ္ဘာလုံး အတိုင်းအတာအရ ကလေးဦးရေ သန်း ၃၀ ကျော်ဟာ နေရင်းဒေသတွေကနေ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ဒါကတော့ အာဖဂန်နစ္စတန်နိုင်ငံ၊ ပရာဝမ်မှ အသက် ၄ လအရွယ်ကလေးငယ် ယာ့စ်မင်စူလ်တန်နီဟာ အစ်မဖြစ်သူ ၁၆ နှစ်အရွယ် ရှီမာဖရူတန်ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ သြစတီးယားနိုင်ငံ၊ ဗီယင်နာမြို့ အရေးပေါ် ကူညီကယ်ဆယ်ရေး တဲတခုထဲမှာ အိပ်ပျော်နေပုံပါ။
သူတို့နေထိုင်တဲ့ လက်ရှိအဆောက်အဦဟာ ဘဏ္ဍာရေးဝန်ကြီးဟောင်းတဦးက ထောက်ပံ့ကူညီထားတဲ့ ဒုက္ခသည်ပေါင်း ၁၁၀၀ ကျော်နေထိုင်နိုင်တဲ့ အရေးပေါ် ကယ်ဆယ်ရေးစခန်းတခု ဖြစ်ပါတယ်။
ကလေးငယ်ဦးရေ သန်းတထောင်ရဲ့ လေးပုံတပုံ ဒါမှမဟုတ် ကလေးငယ် ၉ ယောက်မှာ ၁ ယောက်ဟာ သူတို့နေထိုင်တဲ့ ပဋိပက္ခဖြစ်ပွားရာနိုင်ငံ ဒေသတွေမှာ ကျန်းမာရေး၊ ပညာရေးနဲ့ ရပ်တည်နေထိုင်နိုင်ရေးတွေအတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆားဘီးယားနိုင်ငံနယ်စပ် ရွာတရွာထဲမှာ ယူဆွတ်ဖ်ဟာ အိပ်ပျော်နေတဲ့ တလသားကလေးငယ် ဂျမဲလ်မာဂျာတီကို အ၀တ်အိတ်ထဲထည့်လွယ်ပြီး ဇနီးမယားဖြစ်သူ၊ အသက် ၁၁ နှစ်အရွယ် သားငယ်တို့နဲ့အတူ ရွှံ့နွံတောထဲ ဖြတ်သန်းနေပုံပါ။
သူတို့မိသားစုဟာ လုံခြုံမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး စတဲ့အရာတွေ ရရှိနိုင်ဖို့ ဆီးရီးယားနိုင်ငံ ဟာလက်(အလက်ပို) မှထွက်ခွာခဲ့ပြီး ဆားဘီးယားနိုင်ငံနယ်စပ်မှတဆင့် ဆွီဒင်နိုင်ငံဆီ နောက်ဆုံးခရီး ဦးတည်နေတာပါ။
ကလေးငယ် သန်းတထောင်ရဲ့ ထက်ဝက်ကျော်ဟာ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးဝါးဝါးအဖြစ်များတဲ့ ဒေသတွေမှာ နေထိုင်နေကြရပြီး သန်း ၁၆၀ နီးပါးကတော့ မိုးခေါင်ရေရှားတဲ့ အရပ်ဒေသတွေမှာ နေထိုင်နေကြရတာပါ။
မွေးကင်းစကလေးနဲ့ သူ့ရဲ့မိသားစုဟာ လက်ရှိမှာတော့ ဒမတ်စကပ်စ်ဒေသ၊ အယ်လ်ဂစ်ဇန်နီယာအရပ်က ဆောက်လက်စ အဆောက်အဦတခုထဲမှာ တခြားဒုက္ခသည်တွေနဲ့ မျှဝေနေထိုင်နေကြပြီး ခုကာလမတိုင်ခင်က ၁၀ ကြိမ်လောက်ပြောင်းရွှေ့ နေထိုင်ခဲ့ကြပြီးပြီလို့ ဆိုပါတယ်။
သူတို့ဟာ စစ်ပွဲတွေဖြစ်ပွားရာ ဒေသတွေကနေ ထွက်ပြေးလာခဲ့ကြပြီး ယူနီဆက်ဖ်ရဲ့ ထောက်ပံ့ကူညီပေးမှုနဲ့ ဆောင်းရာသီဝတ် ကလေးအ၀တ်အထည်နဲ့ စောင်တွေနဲ့ အတူနေထိုင်နေကြရတာပါ။
ကျန်းမာသန်စွမ်းတဲ့ ဒီကလေးငယ်ကို ယူနီဆက်ဖ်ရဲ့ ထောက်ပံ့ကူညီမှုနဲ့အတူ မလက်ကာ ကယ်ဆယ်ရေးစခန်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလက မွေးဖွားနိုင်ခဲ့ပါတယ်။
သူ့ရဲ့မိခင် အသက် ၂၀ အရွယ် ရေဗက္ကာရိုဟိန်းနဲ့ သူ့ရဲ့အမျိုးသားဟာ ၂၀၁၃ ခုနှစ်ကတည်းက ကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး တခြား ရွှေ့ပြောင်းနေထိုင်သူ ၅ သောင်းကျော်နဲ့အတူ နေထိုင်နေကြတာပါ။
ဒီပုံကတော့ ၂ နှစ်အရွယ်ကလေးငယ်ဟာ သူ့ရဲ့မိသားစုဝင် ၁၂ ယောက်နဲ့အတူ ဒမတ်စကပ်စ်ဒေသ၊ အယ်လ်ဂစ်ဇန်နီယာရှိ အခန်းထဲမှာ ထိုင်နေပုံပါ။
မက်ဆီဒိုးနီးယားနယ်စပ်၊ ပရက်ဆဗိုမြို့က ယူနီဆက်ဖ်ရဲ့ ကယ်ဆယ်ရေးစခန်းပြင်ပမှာ အမျိုးသမီးတဦးက ကလေးငယ်ကို ပွေ့ချီထားခဲ့ပုံပါ။
သူတို့ဟာ ဆားဘီးယားကနေ ထောင်နဲ့ချီပြောင်းရွှေ့လာကြပြီး ဥရောပနိုင်ငံတွေဆီ ရွှေ့ပြောင်းနေထိုင်နိုင်ဖို့ ကြိုးစားကြသူတွေ ဖြစ်ပါတယ်။
မက်ဆီဒိုးနီးယားနယ်စပ်၊ ပရက်ဆဗိုမြို့က ဒုက္ခသည်စခန်းမှာ တန်းစီစောင့်ဆိုင်းနေတဲ့ ကလေးကိုပွေ့ချီထားတဲ့ အမျိုးသမီးတယောက်ရဲ့ပုံပါ။
ပရက်ဆဗိုမှာ ဒုက္ခသည်ပေါင်း ၅၀၀၀ နီးပါးဟာ အရေးပေါ်ထောက်ပံ့ကူညီမှုတွေ ရနိုင်ဖို့ တန်းစီစောင့်ဆိုင်းနေကြရတာပါ။
ငိုကြွေးနေတဲ့ ကလေးငယ်တယောက် အပါအ၀င် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ဒုက္ခသည်တွေရဲ့ မြောက်ပိုင်းအေဂျီယန်ဒေသ၊ လက်စ်ဘော့ကျွန်း ကမ်းရိုးတန်းမှာ ရိုက်ကူးထားတဲ့ပုံပါ။
ဒီပုံကတော့ ခရိုအေးရှားနိုင်ငံနယ်စပ်၊ ဆစ်ဒ်မြို့မှ ဒုက္ခသည်စခန်းတခုမှာ အဖိုးအိုတဦးက ကလေးငယ်ကို ပွေ့ချီထားပုံပါ။
အဲဒီဒုက္ခသည်စခန်းဟာ ရွှေ့ပြောင်းဒုက္ခသည် ကလေးငယ်တွေနဲ့ မိသားစုတွေကို ထောက်ပံ့ကူညီပေးနေတဲ့ နေရာတခုပါ။
ယီမင်နိုင်ငံမြို့တော် ဆန်နာအာမှာ မိခင်တဦးဟာ ကလေးငယ်ကို ဆေးကုသဖို့ အယ်လ်ဆာဗင်းဆေးရုံကိုအသွား လမ်းမှာ ရိုက်ကူးခဲ့တာပါ။
ဒီပုံကတော့ ဂရိနိုင်ငံနယ်စပ်၊ ဂက်ဘ်ဂယ်လီယာမြို့မှာ အမျိုးသမီးတဦးဟာ မွေးကင်းစကလေးငယ်နဲ့ ရေဘူးကို သယ်ဆောင်ကာ လမ်းလျှောက်နေပုံပါ။
ဒီပုံကတော့ အာဖဂန်နစ္စတန်နိုင်ငံ၊ ဂါဇ်နီမြို့မှ ၆ လသားကလေးငယ် ဇိုင်နက်ဟူစိန်နီကို မိခင်ဖြစ်သူ အသက် ၁၈ နှစ်အရွယ် ဇဟာရာဟူစိန်နီနဲ့အတူ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှ ကယ်ဆယ်ရေးစခန်းတခုမှာ တွေ့ရတာပါ။
ဓာတ်ပုံ - ယူနီဆက်ဖ်