လွှတ်တော်နာယက သူရဦးရွှေမန်း ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံရယူ








5K
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို အာဆီယံ အင်ဂျင်နီယာ အသင်းများ အဖွဲ့ချုပ်က Distinguished Honorary Fellow ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ် ဒီဇင်ဘာလ ၁၇ ရက် မနက်က ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
မြန်မာနိုင်ငံအင်ဂျင်နီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာပညာရပ်ပြန့်ပွားရေး၊ အင်ဂျင်နီယာကောင်စီဥပဒေ ပေါ်ပေါက်ရေးတွေနဲ့ ပတ်သက်ပြီး မြန်မာလွှတ်တော် အကြီးအကဲရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တာ ဖြစ်ပါတယ်။
နေပြည်တော် ဇဗ္ဗူသီရိဆောင်ရှိ ပြည်ထောင်စုလွှတ်တော် Learning Center မှာ ဒီမနက် ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားမှာ သူရဦးရွှေမန်းက ဒီနေ့ဂုဏ်ပြုပွဲဟာ သူတဦးထဲကို ဂုဏ်ပြုခြင်းဆိုတာထက် လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးနဲ့၊ လွှတ်တော် ကော်မတီတွေ အားလုံးကို ဂုဏ်ပြုတာလို့ မှတ်ယူတဲ့အကြောင်း ပြောပါတယ်။
လွှတ်တော်အနေနဲ့ အင်ဂျင်နီယာကောင်စီ အပါအ၀င် ဥပဒေပေါင်း ၁၉၈ ခုကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ အသစ်ပြဋ္ဌာန်ပေးနိုင်ခဲ့ပြီး လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် နိုင်ငံတကာက များစွာအသိအမှတ်ပြုချီးကျူးကြပေမယ့် အခုလို သက်သေပြစရာ အထောက်အထားနဲ့ ချီးမြှင့်ဂုဏ်ပြုမှုတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောပါတယ်။
ကျန်ရှိတဲ့လွှတ်တော် သက်တမ်းကာလမှာ နိုင်ငံနဲ့ နိုင်ငံအကျိုးပြုဥပဒေတွေ အပါအ၀င် လွှတ်တော်ကဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ကြိုးစားစေတနာထားပြီး ဆက်လက် ဆောင်ရွက်ကြဖို့ လည်း တိုက်တွန်းသွားပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ မဲမနိုင်ခဲ့တဲ့အခါမှာ များစွာခံစား စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် ပြည်သူရဲ့အောင်ပွဲလို့ သတ်မှတ်ပြီး ပြည်သူတွေ အနိုင်ရ သွားတယ်လို့ ခံယူခဲ့တယ်လို့လည်း သူ့ရဲ့ ကျေးဇူးတင်မိန့်ခွန်းမှာ ထည့်သွင်း ပြောသွား ပါတယ်။
ဆုပေးပွဲအခမ်းအနားကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌတွေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက တာဝန်ရှိသူတွေ တက်ရောက် အားပေးခဲ့ကြပါတယ်။
ဓာတ်ပုံ - Office of H.E. Thura U Shwe Mann