A d v e r t i s e m e n t With Us

ကမ္ဘာ့နိုင်ငံများအနေဖြင့် အင်တာနက်သုံးစွဲမှု အခွင့်အရေးကို လေးစားရန် တရုတ် တိုက်တွန်း

ဓာတ်ပုံ - ရိုက်တာ
တရုတ်သမ္မတ ဇီကျင့်ဖျင်က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ တခြားတနိုင်ငံရဲ့ အင်တာနက်သုံးစွဲမှု အခွင့်အရေး၊ မတူညီတဲ့ အုပ်ချုပ်မှုပုံစံကို အသိအမှတ်ပြု လေးစားဖို့ ဒီဇင်ဘာ ၁၆ ရက်နေ့က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်း (Zhejiang) ပြည်နယ်မှာ တရုတ်အစိုးရက ကျင်းပပေးတဲ့ ကမ္ဘာ့အင်တာနက်ညီလာခံ သမ္မတ ဇီကျင့်ဖျင်ရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။ နိုင်ငံတိုင်းမှာ အင်တာနက်ကို သူ့နိုင်ငံအခြေအနေနဲ့ လိုက်အောင်  ပြဋ္ဌာန်းသုံးစွဲခွင့် ရှိတယ်လို့လည်း တရုတ်သမ္မတက ပြောဆိုပါတယ်။ တရုတ်အစိုးရဟာ အင်တာနက်သုံးစွဲမှုကို ထိန်းချုပ်လွန်းပြီး တရုတ်ပြည်သူတွေ ကြည့်လို့မရအောင် အဓိက အင်တာနက်ဝက်ဆိုက်တွေကို ပိတ်ထားတာ၊ ဆင်ဆာဖြတ်ထားတာတွေကြောင့် ပြစ်တင်ဝေဖန်ခံရပါတယ်။ တရုတ်သမ္မတကိုယ်တိုင် ဒီညီလာခံ တက်ရောက်ပြီး ပြောကြားတဲ့ မိန့်ခွန်းကိုကြည့်ရင် တရုတ်နိုင်ငံဟာ အင်တာနက်လုံခြုံရေးနဲ့ ထိန်းချုပ်ရေးကို အထူးအလေးထားတယ်ဆိုတာ ပေါ်လွင်တယ်လို့ နည်းပညာသုံးသပ်သူတွေက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အင်တာနက်သုံးစွဲသူ သန်း ၆၅၀ ရှိလို့ ကမ္ဘာ့အင်တာနက်သုံးစွဲသူ အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့အင်တာနက်နဲ့ ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲပြဋ္ဌာန်းမှုတွေမှာ တရုတ်နိုင်ငံဟာ ပါဝင်ခွင့်ရသင့်တယ်လို့ သမ္မတ ဇီကျင့်ဖျင်က သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။ နယ်စည်းမခြား သတင်းသမားများအဖွဲ့ကတော့ တရုတ်နိုင်ငံမှာ သတင်းထောက် အယောက် ၄၀ လောက် ဖမ်းဆီးထောင်ချခံရတဲ့အတွက် ဒီညီလာခံကို နည်းပညာကုမ္ပဏီတွေနဲ့ အစိုးရတွေက မတက်ရောက်ဖို့ တိုက်တွန်းထားကြပြီး တက်ရောက်ရင် တရုတ်အစိုးရရဲ့ မူဝါဒတွေကို  ထောက်ခံသလိုဖြစ်မယ်လို့ ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up