Home
မြန်မာသတင်း
ဖြည့်စွက်ဘက်ဂျတ် ကာကွယ်ရေးအသုံးစရိတ် ကျပ်သန်းပေါင်း ၄ သိန်းကျော်ထပ်ရ
DVB
·
December 17, 2015
မြန်မာကျပ်ငွေသန်းပေါင်း ၂၄၆၄ ဘီလျံကျော် ထပ်မံသုံးစွဲခွင့်ပြုထားတဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကို သမ္မတက လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဒီဥပဒေမှာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ထပ်မံဖြည့်စွက်သုံးစွဲခွင့်ပြုလိုက်တဲ့ အသုံးစရိတ်ဘတ်ဂျတ် ပမာဏက ကျပ်ငွေသန်းပေါင်း ၄၁၇၂၈၂ ကျော်ရှိပြီး သမ္မတအသုံးစရိတ်ကတော့ ကျပ်သန်း ၁၁၅၅ ခွဲ ကျော်ရှိပါတယ်။ တခြား ပြည်ထောင်စုဝန်ကြီးဌာနတွေအတွက် ထပ်ချပေးတဲ့ အသုံးစရိတ်တွေထဲမှာ ပညာရေးအတွက် ကျပ်သန်း ၇၁၉၈၄ ကျော်၊ ကျန်းမာရေး အတွက် ကျပ်သန်း ၉၁၀၅၁ ကျော် ၊ ပြည်ထဲရေးက ကျပ်သန်း ၇၄၅၁၉ ကျော်၊ လယ်ဆည်အတွက် ကျပ်သန်း ၁၀၁၇၉၃ ကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းအတွက် ကျပ်သန်း ၁၉၉၉၀ ကျော်၊ သမ၀ါယမက ၄၀၇၆၉ ကျော်၊ အလုပ်သမားအတွက်သန်း ၉၄၁ ကျော်၊ သိပံ္ပနှင့်နည်းပညာအတွက် သန်း၁၉၆၅၂ ကျော် ပြန်ကြားရေးက ကျပ်သန်း ၈၀၅ ကျော်နဲ့ နယ်စပ်ရေးရာက ကျပ်သန်း ၂၆ ကျော် စသဖြင့် ပါဝင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေအတွက် ဖြည့်ဆည်းထောက်ပံ့ငွေကတော့ ကျပ်သန်း ၄၂၄၉ကျော်၊ ဗဟိုဘဏ်အတွက် ကျပ်သန်း ၅၉၀၅၃ ကျော်၊ ပြည်ထောင်စု လွှတ်တော်အတွက် ကျပ်သန်း ၁၀၉ကျော်နဲ့ အမျိုးသားလွှတ်တော်အတွက် ကျပ်သန်း ၅၉ ကျော် အသီးသီးရှိပါတယ်။ လာမယ့် ဧပြီလမှာကုန်ဆုံးတော့မယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ထပ်ချပေးတဲ့ ဘတ်ဂျက်စုစုပေါင်းပမာဏ ကတော့ ကျပ်သန်းပေါင်း ၂၄၆၄၃၃၀ ကျော်ရှိပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်တင်သွင်းတဲ့ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံး စွဲရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် အမတ်တွေ အကြားဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၉ ရက် မှာ ဖြတ်တောက်ခြင်းမရှိဘဲ အတည်ပြုပေးခဲ့တာပါ။ လက်ရှိအစိုးရသက်တမ်း ၃ လကျော်လောက်သာ ကျန်ရှိတဲ့အချိန်မှာ ခုလို အသုံးစရိတ် ဘတ်ဂျက်တွေ အများအပြားထပ်တောင်းခံခဲ့တဲ့အပေါ်မှာ အတိုက်အခံ လွှတ်တော် အမတ်တွေနဲ့ ပြည်သူတွေအကြား ကန့်ကွက်ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ တာလည်းဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ ဘဏ္ဍာရေးနှစ်မကုန်မီ အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ပြီးပြတ်အောင်ဆောင်ရွက်ဖို့နဲ့ ဆက်လုပ်ရမယ့် လုပ်ငန်းတွေကို တိတိကျကျလွှဲပြောင်းနိုင်ရေး ဆောင်ရွက်သွားကြဖို့ ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာပြောပါတယ်။ လာမယ့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ရေးဆွဲရာမှာလည်း နောင်အစိုးရအကောင်အထည်ဖော်ဆောင်ရွက်ရမယ့် ဘတ်ဂျက်ဖြစ်ပေမယ့် နိုင်ငံနဲ့ ပြည်သူအတွက် ဖြည့်ဆည်းဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို အဆင်ပြေပြေဆက် အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ရေးဆွဲထားပြီး ဘတ်ဂျက်လိုငွေကို ဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်း ထက်မကျော်အောင် စံသတ်မှတ် ဆောင်ရွက်ခဲ့တယ်လို့လည်းပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024