ဒီဇင်ဘာ ၁၆ ရက်ညက ယှဉ်ပြိုင်ကစားတဲ့ ကိုပါအီတာလီယာ ဘောလုံးပွဲစဉ်တွေမှာ အီတလီစီးရီးအေက ဂျူဗင်တပ်နဲ့ နာပိုလီအသင်းတို့ ဂိုးပြတ်တွေနဲ့ အနိုင်ရရှိသွားပါတယ်။
ဂျူဗင်တပ်ကတော့ မြို့ခံပြိုင်ဘက် တိုရီနိုကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဒီပွဲမှာ တိုရီနိုအသင်းက ကစားသမားတဦး အထုတ်ခံရလို့ ၁၀ ဦးတည်းနဲ့ ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။
ဂျူဗီအတွက်ဂိုးတွေကို ပထမပိုင်း ပွဲချိန် ၂၈ မိနစ်မှာ ဆိုင်မွန် ဇာဇာက သွင်းယူခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒီနောက် ၅၁ မိနစ်မှာ ဇာဇာက ဒုတိယဂိုး၊ ၇၃ မိနစ်မှာ ဒိုင်ဘာလာက တတိယဂိုးနဲ့ ၈၂ မိနစ်မှာ ပေါ့ဘာက စတုတ္ထဂိုး သွင်းယူသွားပါတယ်။
ကွာတားဖိုင်နယ်မှာတော့ ဂျူဗင်တပ်က လာဇီယို သို့မဟုတ် အူဒီးနီးစ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ကိုပါအီတာလီယာ တခြားပွဲစဉ်မှာတော့ နာပိုလီအသင်းက ဟာလတ်စ်ဗာရိုးနားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်းပွဲအစ ၄ မိနစ်မှာ နာပိုလီအသင်းက အဖွင့်ဂိုး သွင်းယူခဲ့ပြီး ဦးဆောင်ခဲ့ပါတယ်။ ဒီနောက် ၁၂ မိနစ်မှာ ဒုတိယဂိုး သွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။
ဒုတိယပိုင်း ၇၅ မိနစ်မှာတော့ နာပိုလီအသင်းက တတိယဂိုးကို သွင်းယူသွားပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ကြောင့် နာပိုလီအသင်းက ကွားတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပြီး အင်တာမီလန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။