Home
မြန်မာသတင်း
အာဏာလွှဲပြောင်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ညှိနှိုင်း
DVB
·
December 16, 2015
နိုင်ငံတော်အကြီးအကဲတာဝန်နဲ့ အစိုးရအဖွဲ့တာဝန်တွေ လွှဲပြောင်းရာမှာ အဆင်ပြေစေဖို့ အသေးစိတ် ညှိနှိုင်းအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆွေးနွေးတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ထုတ်ပြန်ပါတယ်။ ဒီကနေ့ညှိနှိုင်းမှုဟာ ဒီဇင်ဘာ ၂ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးပွဲရလဒ်ရဲ့နောက်ဆက်တွဲ ဖြစ်ထွန်းမှု ဖြစ်ပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရဘက်က နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ပါတယ်။ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကတော့ တက်ရောက်ခြင်း မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေးအဖွဲ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်နဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့ တက်ရောက်ကြပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ နှစ်ဘက်စလုံးက အသေးစိတ် ထုတ်ပြန်ပြောဆိုခြင်းတော့ မရှိသေးပါဘူး။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊  ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024