A d v e r t i s e m e n t With Us

အစိုးရနှင့် အက်စ်အက်စ်ပီပီ နှစ်ဖက်တပ်များ တိုက်ပွဲရှောင်ရန်စတင်ဆုတ်ခွာ

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - SSPP/SSA)
တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တဲ့  ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ) တို့အကြား တိုက်ပွဲတွေဆက်မဖြစ်ဖို့အတွက် နှစ်ဘက်တပ်တွေ စတင်ဆုတ်ခွာနေပြီလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အတွင်းရေးမှူး ၂ ဗိုလ်မှူးစိုင်းခမ်းသီက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်တာလို့ ဗိုလ်မှူး စိုင်းခမ်းသီက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ သဘောတူညီတာက အချိန်ယူပြီး တသုတ်ဆီရွှေ့ရမယ်လေ။ တပ်အင်အား အခင်းအကျင်းချတဲ့နေရာ တောင်ကုန်းတွေကနေပြီး နောက်ပြန်ဆုတ်ပေးဖို့ပေါ့။ ကျနော်တို့ဆုတ် သူတို့လည်းဆုတ်မယ်။ သူတို့ရွှေ့ရင် ကျနော်တို့လည်း ရွေ့မယ်။ အဲဒါပါပဲ။ အဲတော့ မနေ့ကစပြီး ရွှေ့တာပဲ။” ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အစိုးရအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီတို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပြီး နှစ်ဘက်တပ်တွေ မူလနေရာကို ဆုတ်ခွာဖို့အတွက် သဘောတူညီမှု ရခဲ့ပါတယ်။ ဒါ့အပြင် မိုင်းရှူး-မိုင်းနောင် ကားလမ်းတောင်ဘက်ခြမ်းက နှစ်ဘက်တပ်တွေ ဆုတ်ခွာဖို့နဲ့ မိုင်းနောင်မြို့မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။ အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေနဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပြီး အဲ့ဒီကိစ္စကို တိုက်ပွဲဖြစ်နေတဲ့ နှစ်ဘက်တပ်တွေ ဆုတ်ခွာပြီးမှ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဗိုလ်မှူး စိုင်းခမ်းသီက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးပြီးနောက် ဒီကနေ့အထိ နှစ်ဘက်အကြား တိုက်ပွဲဆက်ဖြစ်တာ မရှိတော့ဘူးလို့လည်း ပြောပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ်မထိုးသေးပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်မှာပါ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အစိုးရရဲ့ ထိုးစစ်ဆင်မှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကစြ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့နဲ့ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေက ဒေသခံထောင်ချီ စစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရပြီး အခုချိန်ထိ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

A d v e r t i s e m e n t With Us

More News
Up