ကလေးနှင့် လိင်ဆက်ဆံနေသည့်ဗီဒီယို အွန်လိုင်းတွင်ပျံ့နှံ့မှုကြောင့် ကန်နိုင်ငံသားကို ဖမ်းဆီး

ဓာတ်ပုံ - manager.co.th
4.2K
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကလေးတွေကို မုဒိန်းကျင့်သူဟု ယူဆရတဲ့ အသက် ၆၇ နှစ်အရွယ် အမေရိကန်နိုင်ငံသားတဦးကို ထိုင်းစုံစမ်းစစ်ဆေးရေးအဖွဲ့(DSI)က ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
အဆိုပါ အမေရိကန်နိုင်ငံသားကို ထိုင်းအာဏာပိုင်တွေက သူနေထိုင်တဲ့ ချင်းမိုင်ခရိုင် မဲ့တန်း (Mae Taeng) မြို့နယ်မှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
သက်သေခံပစ္စည်းအဖြစ် ကွန်ပြုတာထဲမှာ ဓာတ်ပုံနဲ့ ဗီဒီယိုကလစ်တချို့လည်း သိမ်းဆည်းရမိ ကြောင်း သတင်းက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားချက်အပြင် လူမှုကွန်ရက်တွေမှာလည်း ကလေးနဲ့ လိင်ဆက်ဆံနေတဲ့ ဗီဒီယိုကလစ် နိုင်ငံတကာအထိ ပျံ့နှံ့နေပြီးဖြစ်ကြောင်း DSI အကြီးအကဲတဦးက ထိုင်းသတင်း မီဒီယာတွေကို ပြောပါတယ်။
စုံစမ်းစစ်ဆေးချက်အရ ချင်းမိုင်က အစပြုလို့ နယ်မြေခံထိုင်းရဲတွေနဲ့ ပူးပေါင်းပြီးတော့ အခုလို ဖမ်းဆီးလိုက်တာ ဖြစ်ကြောင်း သူက ဆိုပါတယ်။
လက်ရှိ အဲဒီ အမေရိကန် နိုင်ငံသားကို မဲ့တန်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အမြင် မတော်တဲ့ ဓာတ်ပုံ ဗီဒီယိုတွေကို တရားမ၀င် ဖြန့်ချိမှုနဲ့ တရားစွဲထားပါတယ်။
ထိုင်းသတင်းတွေမှာ ဖော်ပြချက်အရ ဒီအမှုဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဘတ်ငွေ ၁ သိန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံနိုင်ပါတယ်။
ကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အမှုကတော့ ကာယကံရှင် ကလေးငယ်ကို စစ်ဆေးမေးမြန်းပြီ ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။