A d v e r t i s e m e n t With Us

နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးပျံ ပါကစ္စတန် စမ်းသပ်ပစ်လွှတ်

ဓာတ်ပုံ - ရိုက်တာ
ပါကစ္စတန် အစိုးရဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးပျံတစင်းကို ဒီဇင်ဘာ ၁၅ ရက်နေ့က အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်၊ ဒီဒုံးကျည်ဟာ ၉၀၀ ကီလိုမီတာအဝေးထိ ထိပ်ဖူးရောက်အောင် သယ်သွားနိုင်တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။ ပါကစ္စတန်ရဲ့ Shaheen-1A တာလတ်ပစ်ဒုံးကျည်ဟာ အိန္ဒိယနိုင်ငံထဲက ပစ်မှတ်တွေဆီ ရောက်နိုင်စွမ်း ရှိပါတယ်။ ဒုံးကျည်ကို အာရေဗျပင်လယ်ဆီ ချိန်ရွယ် စမ်းသပ် ပစ်လွှတ်ခဲ့တာပါ။ ဒီပစ်လွှတ်မှုကို ဗျူဟာ စီမံကိန်းဌာနနဲ့ ဗျူဟာတပ်တွေက အကြီးတန်း အရာရှိတွေ၊ သိပ္ပံပညာရှင်တွေ၊ ဗျူဟာအဖွဲ့အစည်းတွေက အင်ဂျင်နီယာတွေ သက်သေပြုခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။ အရင်အပတ်ကလည်း ပါကစ္စတန်ဟာ မြေပြင်က မြေပြင်ပစ် ဒုံးကျည် Shaheen-III ကို ပစ်လွှတ်စမ်းသပ်ခဲ့ပါသေးတယ်။ ပြိုင်ဘက် အိန္ဒိယနိုင်ငံက ဘေဂျင်းနဲ့ အရှေ့ဥရောပအထိဝေးအောင် ပစ်ခတ်နိုင်ပြီး နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်ကို ပစ်လွှတ်အပြီး ၇ ရက် မပြည့်ခင်မှာ ပါကစ္စတန်ဟာ ပထမဆုံးအကြိမ်အနေနဲ့ Shaheen-1A ဒုံးကျည်ကို ဒီနှစ်အစောပိုင်းက စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဟာ စစ်ပွဲကြီး ၃ ကြိမ် ဆင်နွှဲခဲ့ဖူးပြီး ဒုံးကျည် စမ်းသပ်မှုတွေကို တဘက်ကိုတဘက် ကြိုတင် အကြောင်းကြားပြီးမှ ပုံမှန် စမ်းသပ်ကြတာပါ။ အမေရိကန် ထောက်လှမ်းရေးတွေကတော့ ပါကစ္စတန်နိုင်ငံမှာ တပ်ချထားတဲ့ နျူကလီးယားလက်နက် အရေအတွက်ဟာ မနှစ်က ၁၁၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အကဲခတ်တွေကတော့ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ပါကစ္စတန်ရဲ့ နျူကလီးယား လက်နက်တိုက်ဟာ ကမ္ဘာ့အမြန်ဆုံးနှုန်းနဲ့ တိုးတက်နေတယ်လို့ ပြောပါတယ်။ ပါကစ္စတန်ဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံလိုပဲ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက် NPT ကို ပါဝင်လက်မှတ်ရေးထိုးမှု မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up