အစိုးရ အဖွဲ့သစ် ရက် ၁ဝဝ ပြည့် စစ်တမ်း
DVB
·
July 15, 2011
လက်ရှိ ပြည်တွင်း မီဒီယာတွေမှာရော ပြည်ပမီဒီယာတွေမှာပါ အများဆုံး ရေးသားနေကြတဲ့ အကြောင်းအရာတခုကတော့ ဦးသိန်းစိန်အစိုးရ ရက် ၁ဝဝ ပြည့်ကို ဝေဖန်သုံးသပ်ထားတဲ့ အကြောင်းပါ။ ဒါနဲ့ ပတ်သက်ပြီး ပြင်ပမီဒီယာတွေက လွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြပေမယ့် ပြည်တွင်းမှာတော့ လွတ်လွတ်လပ်လပ် ဝေဖန်နိုင်တာတော့ မဟုတ်ပါဘူး။ နောက် အချက်အလက်တိုင်းကိုလည်း ဝေဖန်နိုင်တာ မဟုတ်ပါဘူး။ ခုတပတ် ဒီအကြောင်း ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
အပြောင်းအလဲနဲ့ ပတ်သက်ရင် ပထမဦးဆုံး ပြောဖို့လိုတာက အင်စတီကျူးရှင်းများ လည်ပတ်ပုံပါ။ အရင်က စစ်အာဏာရှင်စနစ်မှာ အထက်ကနေ အမိန့်ပေးစနစ်ကိုပဲ တောက်လျှောက် ကျင့်သုံးလာခဲ့ရာကနေ ခုဆို စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဆိုတာ ရှိခဲ့ပါပြီ။ ဘယ်လိုနည်းနဲ့ အနိုင်ရခဲ့သည်ဖြစ်စေ လွှတ်တော်ဆိုတာ ဖွဲ့စည်းပြီးခဲ့ပါပြီ၊ သမ္မတက ခန့်အပ်ထားတဲ့ တရားသူကြီးချုပ်ဆိုတာ ရှိနေပါပြီ။ အပြောင်းအလဲသာ အမှန်ဆိုရင် ဖွဲ့စည်းပုံကို ကျောထောက်နောက်ခံပြုပြီး လွှတ်တော်ဟာ လိုအပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရပါမယ်။ အရင်က ရှိခဲ့တဲ့ အခြေခံဥပဒေနဲ့ မလျော်ညီတဲ့ ခေတ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေကို ရုပ်သိမ်းရပါမယ်။
အဲဒီလို လွှတ်တော်က ဆုံးဖြတ်ပြီး ပေါ်လာတဲ့ ရလဒ်တွေအပေါ်မှာ မူတည်ပြီး ဦးသိန်းစိန် အစိုးရက အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရက်ပေါင်း ၁ဝဝ အတွင်း လွှတ်တော်ကို တကြိမ်မှ မခေါ်ပါဘူး။ နောင်ဘယ်အချိန် ခေါ်မယ် ဆိုတာကိုလည်း မသိနိုင်ပါဘူး။ မကြာသေးမီက တိုင်းနဲ့ ပြည်နယ်တွေမှာ လွှတ်တော် အထူးအစည်းအဝေးတွေ ခေါ်ယူခဲ့ပေမယ့် ဒါဟာလည်း ဝန်ကြီးဌာန ဖွဲ့စည်းပုံပြောင်းတာကို ထောက်ခံခိုင်းတဲ့ ၁ဝ မိနစ်စီလောက်ကြာတဲ့ အစည်းအဝေးတွေသာ ဖြစ်ပါတယ်။ ပြောရရင် အစိုးရဟာ သူ့ဘာသာသူ အရင်တုန်းကအတိုင်း အမိန့်အာဏာ ညွှန်ကြားချက်တွေနဲ့ပဲ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်နေတာပါ။ ခြုံပြီး ပြောရရင် လူတချို့မျှော်လင့်သလို လွှတ်တော် နိုင်ငံရေး မပေါ်ပေါက်လာသလို နောင် ပေါ်ပေါက်လာမလား ဆိုတာကလည်း မသေချာတဲ့ အခြေအနေပါ။ ဒါဟာ အဓိကကျတဲ့ နိုင်ငံရေးအရ အပြောင်းအလဲမရှိမှုလို့ သုံးသပ်နိုင်ပါတယ်။
နောက်အရေးကြီးတဲ့ တချက်က အရင်အစိုးရကတည်းက ရှိနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ ကိစ္စပါ။ ဒီကိစ္စတွေ အကောင်အထည် ဖော်ဖို့ဆိုရင် ဦးသိန်းစိန် အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး အန်အယ်လ်ဒီကို အသိအမှတ်ပြုပြီး အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးတာမျိုးတွေ လုပ်ဖို့ လိုပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ပထမ ရက်ပေါင်း ၁ဝဝ အတွင်းမှာ အကျဉ်းသားတွေကို အကျဉ်းခံ ကာလကနေ (၁) နှစ် လျှော့ပေးတာ လောက်ပဲ လုပ်ခဲ့တဲ့အတွက် ပြည်တွင်းပြည်ပမှာ စိတ်ပျက်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီအတွက် ဦးသိန်းစိန် အစိုးရမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တရပ် မရှိတာ သေချာသလို ဖြစ်စေခဲ့ပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အလားတူ အရေးကြီးတာကတော့ အစိုးရက အမြဲတစေ ကြွေးကြော်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ။ ဒါနဲ့ ပတ်သက်ရင် လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရင် စစ်အာဏာရှင်တွေ ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း ဆက်ပြီး အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။ ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းတာမျိုး မလုပ်ဘဲ နယ်ခြားစောင့်တပ် ပြောင်းရင်ပြောင်း မပြောင်းရင် တိုက်ခိုက်ခြေမှုန်းမယ် ဆိုတဲ့ လမ်းစဉ် ဖြစ်ပါတယ်။
ဒီအတွက်လည်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ပြည်တွင်း စစ်မီးတွေ ပြန်လည်တောက်လောင်လာလိုက်တာ ဆယ်စုနှစ်အတွင်း ပထမဦးဆုံးအကြိမ် လေယာဉ်တွေသုံးပြီး ဗုံးကြဲ တိုက်ခိုက်သည်အထိ စစ်ရှိန်မြင့်တက်လာနေပါတယ်။
အိမ်နီးချင်း တရုတ်ပြည်နယ်စပ်ကို ဒုက္ခသည်တွေ ထွက်ပြေးခိုလှုံရသည်အထိ ပြသနာက ကြီးကျယ်လာစေပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရသစ်ရဲ့ ပထမ ရက်ပေါင်း ၁ဝဝ မှာ ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင် လာတယ်လို့တောင် ပြောနိုင်ပါတယ်။
နောက်တခုကတော့ စီးပွားရေးမှာရော ပြောင်းသလား ဆိုတာပါ။ မြန်မာနိုင်ငံ စီးပွားရေးနဲ့ ပတ်သက်ရင် ပို့ကုန်အခွန် ၁ဝ ရာခိုင်နှုန်းကောက်နေရာကနေ ၇ ရာခိုင်နှုန်းအဖြစ် လျှော့ပေါ့ကောက်ခံတာ၊ စားအုန်းဆီကို အရင် ဦးပိုင် ကုမ္ပဏီ တခုတည်း တင်သွင်းခွင့်ပြုထားရာကနေ နောက်ပိုင်း တခုမက တင်သွင်းခွင့်ပြုလာတာ အိပ်စ်ပို့ အင်ပို့ လုပ်ငန်းတွေမှာ လုပ်ထုံးလုပ်နည်း တချို့ ဖြေလျှော့ပေးလာတာတွေတော့ ရှိပါတယ်။ ဒါတွေကို တချို့က စီးပွားရေးဘက်က အပြောင်းအလဲတွေလို့ ဆိုကြပါတယ်။ ဒါပေမယ့် တကယ့်တကယ် စီးပွားရေး ကျွမ်းကျင်သူတွေ ထောက်ပြတာကတော့ ဒါတွေဟာ အချက်အလက်သဘောအရ ပြောင်းလဲတာပဲ ဖြစ်တယ်။ မူကျတဲ့ အပြောင်းအလဲ မဟုတ်ဘူး။ မူကျတဲ့ အပြောင်းအလဲဆိုရင် အရင်တုန်းက အစိုးရနဲ့ နီးစပ်တဲ့ သူဌေးကြီးတွေကို မျက်နှာသာပေး အခွင့်အရေး ပေးရာကနေ မူတခု ချမှတ်ပြီး မျက်နှာမလိုက်ဘဲ ဆောင်ရွက်တာမျိုးကိုမှ ခေါ်တယ် စသဖြင့် ဝေဖန် ထောက်ပြကြပါတယ်။ အထူးသဖြင့် လတ်တလော မပြီးပြတ်သေးတဲ့ ဆန်တင်ပို့ခွင့် ပြဿနာ ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ အစိုးရဟာ ဘယ်လို အရည်အချင်းမျိုးနဲ့ ကိုက်ညီတဲ့ လူပုဂ္ဂိုလ်၊ ကုမ္ပဏီကို ဆန်တင်ပို့ခွင့်ပြုမယ် ဆိုတာမျိုး ရှင်းရှင်းလင်းလင်း မူဝါဒ ချမှတ်နိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ အဓိကကတော့ အစိုးရ အလိုတော်ရိ ကုမ္ပဏီကြီးတွေ အခွင့်ထူးရနိုင်မယ့် လုပ်ထုံးလုပ်နည်း တခု ရှာမတွေ့သေးတာကြောင့်လို့ ဆိုရင်လည်း မမှားပါဘူး။
နောက်ထပ် အရေးကြီးတာတခုက အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို အလွန်အကျိုးအမြတ်ရှိစေ ချမ်းသာကြွယ်ဝစေတဲ့ မော်တော်ကားတင်သွင်းခွင့် ပိတ်ပင်ထားဆဲ ပြဿနာ ဖြစ်ပါတယ်။ ဒီ ပိတ်ပင်ထားချက်ဟာ မြန်မာနိုင်ငံ စီးပွားရေးမှာ နှစ်ပေါင်းများစွာ ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။
မြန်မာလူမျိုးတွေ လူနေမှုအဆင့်အတန်း အလွန်အမင်း နိမ့်ကျမှုကို ဖြစ်ပေါ်စေပါတယ်။ ဆိုင်ကယ်တင်သွင်းခွင့်လည်း အလားတူ ပိတ်ပင်ထားဆဲပါ။ ဒီလို အလွန်ကြီးကျယ်တဲ့ ပြဿနာတခုကို ပြီးခဲ့တဲ့ လွှတ်တော်မှာ ဒီမိုကရေစီ ပါတီတွေဘက်က တင်ပြခဲ့တာ ရှိပေမယ့် အဲဒီအချိန်က အာဏာပိုင်တွေ ပယ်ချခဲ့ပါတယ်။ ပိုပြီး ထူးဆန်းတာက ဒီလို စီးပွားရေးအရ အတော့်ကို သဘာဝ မကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်ကိုင်ဆောင်ရွက်ပေးမယ်ဆိုတာ သမ္မတက မိန့်ခွန်း ၃ ကြိမ် ပြောတာမှာရော စီးပွားကူးသန်း ဝန်ကြီးပြောတဲ့ စကားတွေထဲမှာပါ လုံးဝ ပါမလာပါဘူး။ ပြည်တွင်းက လေ့လာသူတွေကတော့ ဒီ ကားတင်သွင်းခွင့် ပိတ်ပင်ထားမှု ပြဿနာကို သမ္မတလောက် ဝန်ကြီးလောက်က အဆုံးအဖြတ် မပေးနိုင်ဘဲ သူတို့အထက်က လူတွေကသာ အဆုံးအဖြတ် ပေးနိုင်တာမို့ ခုလို ဘာတလုံးတပါဒမှ ပြောဆိုမလာတာလို့ သုံးသပ်နေကြပါတယ်။
လက်ရှိ အစိုးရ အကောင်အထည်ဖော်တဲ့ဆီမှာ ဆိုးတာချည်းပဲလား ဆိုတော့ မဟုတ်ပါဘူး။ ကောင်းတဲ့ အသိအမှတ်ပြုရမယ့် အချက်အလက် အနည်းငယ်တော့ ရှိပါတယ်။ အဲဒါကတော့ အိမ်နီးချင်းနဲ့ နိုင်ငံခြားထွက် အလုပ်လုပ်ကြတဲ့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေကို အသိအမှတ် ပြုလိုက်ခြင်းပါ။ ဒီ အလုပ်သမားတွေ အရေးနဲ့ ပတ်သက်ပြီး တကယ် ထိထိရောက်ရောက် ကူညီနိုင်သည် မကူညီနိုင်သည်ထား ခုလို အသိအမှတ်ပြု ပြောဆို လုပ်ကိုင်ဆောင်ရွက်ပေးခြင်းကပဲ ကောင်းသော ခြေလှမ်းအစ ဖြစ်ပါတယ်။
နောက်တချက်ကတော့ ပင်စင်စားတွေကို လစာ တိုးမြှင့်ပေးလိုက်တာပါ။ ဒီအတွက် ဘဝ နေဝင်ချိန်ရောက်နေတဲ့ ၈ သိန်းခွဲ ၉ သိန်းလောက် အရည်အတွက်ရှိတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီရာ ရောက်ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ရက်ပေါင်း ၁ဝဝ ကို အခြား နိုင်ငံတွေက ရက်ပေါင်း ၁ဝဝ နဲ့ နှိုင်းယှဉ်တာ မသင့်တော်ပေမယ့် ဒီမိုကရေစီနိုင်ငံနဲ့ သင့်လျော်တဲ့၊ ဈေးကွက် စီးပွားရေးစနစ်နဲ့ သင့်လျော်တဲ့ အဓိကကျတဲ့ ဘယ် မူဝါဒ အပြောင်းအလဲ တစုံတရာကိုမှ ခြေလှမ်း စလှမ်းတာ မတွေ့မမြင်ရသေးပါဘူးလို့ပဲ သုံးသပ် တင်ပြလိုက်ရပါတယ်။