အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က ကျောင်းအများအပြားဆီ ပေးပို့ခဲ့တဲ့ ခြိမ်းခြောက်တဲ့ အီးမေးလ်တစောင်ကို အရာရှိတွေ လက်ခံရရှိအပြီး ကျောင်းသားတွေ အိမ်မှာနေကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ဒါကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့က ပြည်သူပိုင် ကျောင်းအားလုံးကို ပိတ်ခဲ့လို့ ကျောင်းသား ၆ သိန်း ၄ သောင်း ၃ ထောင် အိမ်မှာနေခဲ့ရတာပါ။
အရင်သီတင်းပတ်က စန်ဘာနာဒီနိုမြို့မှာ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို အားကျတဲ့ တိုက်ခိုက်မှုအပြီး ခုလို ခြိမ်းခြောက်စာ ရခဲ့တာပါ။
အာဏာပိုင်တွေက ကျောင်းပေါင်း ၉၀၀ ကျော်လောက်ထဲက တချို့မှာ သံသယဖြစ်စရာတွေကို ရှာဖွေခဲ့ကြပါတယ်။
လော့စ်အိန်ဂျလိစ်ဟာ အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး ကျောင်းခရိုင်ပါ။
ဗုံးခြိမ်းခြောက်မှုကြောင့် ကျောင်းတွေပိတ်တဲ့သတင်းကို ကြည့်ရတယ်လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
ဒီဖြစ်ရပ်နောက်မှာ မတူခြားနားတဲ့ စိတ်ခံစားမှုတွေ အများကြီး ရှိနေတယ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတာ တကယ့်ကို မသေချာဘူးလို့ သူက ဆက်ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေက ဗုံးဖြစ်နိုင်ချေကို ရှာနေပါတယ်။
ခြိမ်းခြောက်အီးမေးလ်ကို ကျောင်းဘုတ်အဖွဲ့ဝင်တွေဆီ ပို့ခဲ့တာဖြစ်ပြီး ကျောပိုးအိတ်တွေနဲ့ တခြား အထုပ်အပိုးတွေကို ရည်ညွှန်းထားခဲ့ပါတယ်။
နယူးယောက်မြို့ ရဲဌာန အကြီးအကဲကတော့ နယူးယောက် အရာရှိတွေဟာ အလားတူ ခြိမ်းခြောက်မှုတခုကို လက်ခံရရှိခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမယ့် လော့စ်အိန်ဂျလိစ် ကျောင်းပိတ်မှုကိုတော့ တရားလွန်တုံ့ပြန်မှု ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ပြောခဲ့ကြပါတယ်။