A d v e r t i s e m e n t With Us

တကသကျောင်းသားခေါင်းဆောင် ကိုနန်းလင်း ဖမ်းဆီးခံရ

တကသကျောင်းသားခေါင်းဆောင်၊ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုနန်းလင်းကို ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံထဲကနေ ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။ "ကျတော်သိရတာတော့ မဟာဗန္ဓုလပန်းခြံထဲမှာ နေ့လည် ၂ နာရီခွဲလောက်က ဖမ်းဆီးသွားတယ်လို့ သိရတယ်။ သူ့ကို ပန်းဘဲတန်းရဲစခန်းကို ခေါ်သွားပြီးတော့ ရမန်ယူပြီးတော့ အင်းစိန်ထောင်ကိုပို့လိုက်ပြီလို့ ကျနော်သူနဲ့ ဖုန်းဆက်မေးတဲ့အချိန်မှာ သိရတယ်'' လို့ တကသ ကျောင်းသားတယောက်ဖြစ်တဲ့ ကိုဖိုးသားက ပြောပါတယ်။ ကိုနန်းလင်းဟာ လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေ နှုတ်ထွက်ပေးရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် အမှုဖွင့်ခံထားရတာဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေတာ ဖြစ်ပါတယ်။ သူနဲ့အတူ အမှုဖွင့်ခံထားရတဲ့ တကသကျောင်းသားခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူ တို့ နှစ်ဦးမှာလည်း အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ကိုနန်းလင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်းနှင့် ဓာတ်ပုံ - ကောင်းထက်ကျော်

A d v e r t i s e m e n t With Us

More News
Up