ကရင်နီပြည်နယ်ညီလာခံ လွိုင်ကော်တွင် ကျင်းပ
နော်နိုရင်း
·
December 15, 2015
ကယားပြည်နယ် လွိုင်တော်မြို့ရှိ ဘာဒိုကျေးရွာမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ဦးဆောင်ပြီး ကရင်နီပြည်နယ်ညီလာခံကို ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ကနေ ၁၉ ရက်နေ့ အထိ ကျင်းပနေပါတယ်။
လက်ရှိပြောင်းလဲလာတဲ့ နိုင်ငံရေးအနေအထားပေါ်မှာ ကရင်နီပြည်နယ်မှာရှိထဲ လူထုအသံ တခု ဖော်ဆောင်တဲ့အနေနဲ့ ညီလာခံလုပ်ရတာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုး တက်ရေး ပါတီ အထွေထွေအတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်က ပြောပါတယ်။
“အဓိက ကျနော်တို့ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ လာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ လွတ်တော်အတွင်း ပြုပြင်ပြောင်းလဲရေးတွေက ပြည်ထောင်စု လွှတ်တော်မှာ လူထုကိုယ်စားလှယ်စစ်တွေ နေရာရလာတော့ အဲဒီအပေါ်မှာ လည်း ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေ ဖြစ်ပေါ်လာမယ်လို့ ကျနော်တို့ ဒီလို ယုံကြည်တယ်။ ဒီလို ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ပြည်နယ်နဲ့ ပတ်သက်တဲ့ ကဏ္ဍတွေ၊ ပြည်ထောင်စု တခုလုံးဆိုင်ရာ ကဏ္ဍတွေရော ဒီပြည်နယ်မှာ ရှိတဲ့လူထုတွေက ဘယ်လို နိုင်ငံရေးပြုပြင် ပြောင်းလဲမှုထဲမှာ ပါဝင်မလဲဆို တဲ့ကိစ္စတွေကို ကရင်နီအမျိုးသားများ ဘုံသဘော တူညီချက်ဆိုတဲ့အချက်မျိုး ချမှတ်နိုင်အောင်ဆိုတဲ့ အဆင့်အထိကို ရည်ရွယ်ပြီး ညီလာခံ လုပ်တာဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာလည်း ကယားပြည်နယ် ဒီမောဆို၊ ဖရူဆို၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်တွေမှာ ပဏာမ ညီလာခံလုပ်ဆောင်ခဲ့ပြီး အဲဒီညီလာခံကနေ ရလာတဲ့ လူထုရဲ့ ထင်မြင်ဆွေးနွေးချက်တွေကနေ ဒီကနေ့ ပြည်နယ်ညီလာခံမှာ ဆက်လက်ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့လည်း ဦးရွှေမျိုးသန့်က ပြောပါတယ်။
“ဖားဆောင်းတို့၊ ဖရူဆိုတို့ ဘောလခဲတို့မှာလုပ်ခဲ့တာက ဒီညီလာခံကို ထောက်ခံတဲ့ ပဏာမ ညီလာခံတွေပဲ။ အဲဒီညီလာခံကနေ စုစည်းလိုက်တဲ့ လူထုသဘောထားရပ်တည်ချက်တွေကို ကျနော်တို့က ဒီညီလာခံကြီးမှာ ပေါ်လစီဖြစ်အောင်လုပ်မှာ။ ဟိုညီလာခံတွေက ဒီညီလာခံ ကြီးဖြစ်ပေါ်လာအောင် လိုအပ်တဲ့ အခြေခံသဘောထားရပ်တည်ချက်တွေကို စုစည်းပေးတဲ့ ညီလာတွေဖြစ်ပါတယ်။”
ဒီညီလာခံမှာ ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုပေါင်း ၆၀၀ လောက်တက်ရောက်လာ တယ်လို့လည်း ပြောပါတယ်။
