ဖက်ဒရယ်ပြည်ထောင်စုရဲ့အခြေခံက ညှိနှိုင်းရေးပဲ – ရှေ့နေ ဦးအောင်ထူး

ဦးအောင်ထူး
နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ “လွတ်လပ်ခြင်း၊ တူညီသောအခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည်။” လို့ပါရှိသလို၊ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာမူတွေထဲမှာလည်းပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်မည်။” လို့ပါရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကလည်း အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ နိုင်ငံကို တည်ဆောက်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။ မကြာခင်ကာလမှာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အရေးကိစ္စကို နိုင်ငံရေးစားပွဲဝိုင်းတွေမှာ ဆွေးနွေးကြတော့မယ့်အခြေအနေ ဖြစ်ထွန်းနေပြီး နိုင်ငံရေးမူဘောင်ရေးဆွဲရေး လုပ်နေကြပြီဖြစ်ပါတယ်။ ဖက်ဒရယ်အပေါ် မြန်မာပြည်သူတွေ ဘယ်လိုနားလည်သလဲ၊ ဖက်ဒရယ်ဟာ ပေါင်းစည်းရေးလား၊ ခွဲထွက်ရေးလား၊ အကျိုး၊ အပြစ်၊ စောင့်ထိန်းလိုက်နာကြရမယ့် ကျင့်ဝတ်တွေနဲ့ပတ်သက်လို့ ဖက်ဒရယ်ဥပဒေအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး၊ ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ  ရှေ့နေ ဦးအောင်ထူးကို ဆက်သွယ်မေးမြန်းပါတယ်။ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရ စကားလုံးကို အရပ်သူ၊ အရပ်သားတွေ နားလည် သဘောပေါက်လွယ်အောင် ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုနိုင်မလဲ။   “အရပ်သူအရပ်သားတွေ နားလည်အောင် ဖက်ဒရယ်ကို ပြောရမယ်ဆိုရင်တော့ ဒီဟာက ကျနော့်ဥပမာတော့မဟုတ်ဘူး၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါက်တာ ကျောက်ယန်းရောင်ဝေလေ သူပြောသွားတဲ့ဥပမာ သိပ်ကောင်းလို့ ဆရာလည်း ကြုံတဲ့နေရာမှာ လက်ဆင့်ကမ်းတယ်။ အဓိကက ဘာလဲဆိုတော့ သူပေးသွားတာက ‘ဖက်ဒရယ်ဆိုတာဟာ ရွာလေးတရွာနဲ့တူတယ်၊ အဲဒီရွာထဲမှာ အိမ်ကြီးတာလည်းရှိမယ်။ သေးတာလည်းရှိမယ်။ အလယ်အလတ်တွေလည်း ရှိမယ်။ သူ့အိမ်လေးနဲ့သူ၊ သူ့ခြံဝင်းလေးနဲ့သူ။ သူ့ခြံထဲမှာ စိုက်ပျိုးရေးလုပ်တဲ့သူက လုပ်မယ်။ ၀က်မွေး၊ နွားမွေး မွေးရင်လည်း မွေးမယ်။ ကြက်ကလေးမွေးချင်လည်း မွေးမယ်၊ သူစိုက်ချင်တာ စိုက်မယ်။ သူ့ခြံထဲမှာ သူ့ဟာနဲ့သူ လုပ်ပိုင်ခွင့်ရှိထားကြတယ်တဲ့။ အဲဒီလိုလုပ်ပိုင်ခွင့် ရှိထားကြတဲ့အိမ်ကြီးတွေ၊ အိမ်လတ်တွေ၊ အိမ်ငယ်လေးတွေ စုစည်းပြီးတော့ တည်ထားတဲ့ ရွာဟာ ဖယ်ဒရယ်နဲ့အလားသဏ္ဌာန်တူပါတယ်’ တဲ့။ အဲလောက်ပါပဲ။” အဲဒီဥပမာထက်နည်းနည်းပိုပြီး နိုင်ငံရေးလေ့လာသူ ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ နားလည်အောင်ဆိုရင် နိုင်ငံရေးဝေါဟာရ စကားလုံး ဖြည့်စွက်ပြောဆိုရင် ဘယ်လိုပြောမလဲ။ဖက်ဒရယ်ဆိုတာကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်မှာ အခြေခံတဲ့ ပြည်နယ်တွေနဲ့၊ အထူးသဖြင့် အမျိုးသားပြည်နယ်များနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကို ဆိုလိုတာဖြစ်တယ်။ အဲဒီတော့ အခြေခံက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ Constituent Unit တွေပေါ့။ ဖွဲ့စည်းပုံယူနစ်တွေဖြစ်ရမယ်။ မြန်မာနိုင်ငံလက်တွေ့အရဆိုရင် အမျိုးသားပြည်နယ်များဖြစ်ရမယ်။ အဲဒီတော့ အဲဒီပြဿ    နာက အခုအချိန်ထိ စစ်အစိုးရလည်း လက်မခံသေးဘူး။ နောက်တခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာလည်း ရှင်းလင်းတဲ့ပေါ်လစီ မရှိသေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသွားလို့ကတော့ ဘယ်တော့မှ ဖက်ဒရယ်မရနိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူက တိုင်းနဲ့ပြည်နယ်၊ တိုင်း ၇ ခု၊ ပြည်နယ် ၇ ခုနဲ့ အခြေခံအားဖြင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုဖြစ်တယ်။ အဲဒီတော့ ဖက်ဒရယ်သွားချင်လို့ ရှိရင်တော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ပြည်နယ်များဆိုရင် အမျိုးသားပြည်နယ်များနဲ့ပဲ၊ အတိအကျ ဆိုရင် မြန်မာပြည်နယ်အပါအ၀င် အမျိုးသားပြည်နယ်များနဲ့ ပြည်ထောင်စုကို ပြန်လည်ဖွဲ့စည်းဖို့ လိုတယ်။ အဲဒါမှ တန်းတူအခြေခံကို ရနိုင်မယ်။ လက်ရှိ တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ်၊ နေပြည်တော်ပြည်နယ် အပါအ၀င်ဆိုတဲ့ပုံစံမျိုးနဲ့ကတော့ ဘယ်တော့မှ တန်းတူရနိုင်စရာမရှိဘူး။ ဒါက အခြေခံတခုဖြစ်တယ်။ ဒုတိယတခုက ဘာလဲဆိုတော့ ဖက်ဒရယ်ကလည်းပဲ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး အခြေခံမရှိရင် ဘယ်တော့မှ မရနိုင်ဘူး။ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေး အခြေခံရှိဖို့ဆိုရင် အခုဒီလွှတ်တော်ထဲမှာ စစ်တပ်က ပါဝင်တာတို့၊ ကာလုံ (အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ) လိုအဖွဲ့အစည်းတွေ ပါတာတို့၊ စစ်ဘက်ဆိုင်ရာတရားရုံး သီးခြားဖွဲ့စည်းထားတာတို့  ဒါတွေဆိုရင် ဘယ်တော့မှ ဖက်ဒရယ်မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ်ရဲ့အခြေခံက  နှစ်ပိုင်းရှိတယ်။ တပိုင်းက ပြဿ     နာရပ်တွေကို နိုင်ငံသားတွေအချင်းချင်းအကြား၊ နိုင်ငံသားနဲ့ အစိုးရအကြား၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အချင်းချင်းအကြားထဲမှာရှိတဲ့ ပြဿ     နာရပ်တွေကို ပထမအဆင့်က ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးဖြေရှင်းအဖြေရှာမယ်။ အဲဒါ မရတဲ့အခါကျရင် တပြည်လုံးက အားကိုးလောက်တဲ့ တရားလွှတ်တော်ချုပ်ဆိုတာ ရှိရတယ်။ အဲဒီတရားလွှတ်တော်ချုပ်က လုံးဝ သီးခြားဖြစ်ရတယ်။ လွတ်လပ်ဘက်မလိုက် ထက်မြက်တဲ့ တရားလွှတ်တော်ချုပ်ဖြစ်ရတယ်။ အဲဒီ တရားလွှတ်တော်ချုပ်ရဲ့ အဆုံးအဖြတ်ကို ပြည်နယ်အစိုးရအချင်းချင်း ကြားထဲမှာ အငြင်းပွားသည်ဖြစ်စေ၊ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရအကြားမှာ အငြင်းပွားသည်ဖြစ်စေ၊ တရားလွှတ်တော်ချုပ်ကိုတင်၊ ဆုံးဖြတ်ချက်နာခံပြီးတော့မှ ဖော်ဆောင်သွားတာဟာ ဖက်ဒရယ်ပြည်ထောင်စုလမ်းကြောင်းရဲ့ အခြေခံတရားဖြစ်တယ်။ ဒါ ဒုတိယတခုဖြစ်တယ်။ တတိယတခုက ဘာလဲဆိုတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တော့မယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု ကွန်စတီကျူးရှင်းသာမကဘဲနဲ့ State Constitution ပါ ရှိရတယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရှိရတယ်။ ဆိုတော့ ဖက်ဒရယ်နိုင်ငံတွေကို လေ့လာကြည့်ပါ။ အမေရိကန်ပြည်ထောင်စုလား၊ ဂျာမန်ပြည်ထောင်စုလား၊ ဖက်ဒရယ်တိုင်းပြည်တွေဟာ သူတို့မှာ State Constitution တွေ ရှိတယ်။  ပြည်နယ်ဖွဲ့စည်းပုံတွေရှိတယ်။ အဲဒီ ပြည်နယ် ဖွဲ့စည်းပုံတွေဟာ သူ့ပြည်နယ်ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံကို ပြဌာန်းထားပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံနဲ့လည်း မဆန့်ကျင်စေတဲ့ ဖွဲ့စည်းပုံရှိရတယ်။ အနည်းဆုံးတော့ ဒီလိုအခြေခံ ၃ ချက်လောက်ရှိထားရင် ဖက်ဒရယ်ကို သွားလို့ရပါတယ်။” ကမ္ဘာပေါ်မှာ ဖက်ဒရယ်က ဘာကြောင့် ပေါ်လာရတာလဲ။ “ပထမ တချက်က သူက လူ့အဖွဲ့အစည်းမှာ မတူတဲ့လူဦးရေရှိတယ်၊ မတူတဲ့ လူမျိုးစုဖွဲ့မှုတွေ ရှိတယ်။ Minority တွေရှိတယ် Minority Races တွေရှိတယ်။ မတူတဲ့ လူဦးရေရှိတယ်။ လူအစုအစည်းတွေရှိတယ်၊ လူမျိုးစုတွေရှိတယ်။ အဲဒီ မတူတဲ့ လူဦးရေတွေ၊ လူအစုအစည်းတွေ၊ လူမျိုးစုတွေဟာ မတူတဲ့အခြေခံနေပြီးတော့မှ တူညီနိုင်တဲ့ အနေအထားတရပ်ကို ဖန်တီး တည်ဆောက်ဖို့ပဲ။ အဲဒါကို Unity in diversity လို့ခေါ်တယ်။ လူ့အဖွဲ့အစည်းက အသွင်တွေ အမျိုးမျိုးကွဲမယ်၊ အရောင်တွေအမျိုးမျိုးကွဲမယ်၊ အလွှာတွေ အမျိုးမျိုးကွဲမယ်၊ လူဦးရေအမျိုးမျိုးကွဲမယ်၊ လူမျိုးအမျိုးမျိုးကွဲမယ်။ အဲဒီ ကွဲပြားခြားနားနေတဲ့လူတွေကို စုစည်းလို့ရနိုင်စေဖို့ရန်အတွက်  Unity in diversity ဆိုတဲ့အတွေးအခေါ်ပေါ်လာတာ။ အဲဒီတော့ ဘယ်လောက်ပဲ ကွဲနေပါစေ၊ ဥပမာဆိုကြပါစို့ အခြေခံအားဖြင့် ပြဿ     နာ စတက်နေပြီ၊ အဲဒါဘာလဲဆိုတော့ ရှမ်းပြည်နယ် တခုတည်းမှာပဲ ရှမ်းလည်းနေတယ်၊ ကချင်လည်းနေတယ်၊ တအာင်းပလောင်လည်း နေကြတယ်။ အဲဒီတော့ ရှမ်းကပြောတယ် ဒါ ငါတို့ရှမ်းပြည်နယ်၊ ကချင်ကလည်းပြောတယ် ရှမ်းပြည်နယ်မှာ ငါတို့ကချင်တွေအခြေချနေလာတာ ကြာလာပြီ၊ ပင်လုံမပေါ်ခင်ကတည်းကပဲ၊ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့ကြတာ။ တအာင်းကပြောတယ် ဟာ… နမ်စမ်ဆိုတာ ရှမ်းလည်းနေတယ်၊ ငါတို့တအာင်းတွေလည်း အများကြီးပဲ။ ဆိုတော့ ဒီလိုမျိုး မတူတဲ့လူတွေ၊ လူဦးရေက အနည်း၊ အများ ရှိရင်ရှိမယ်။ လူမျိုးအရ အနည်းအများကွာတာရှိမယ်၊ မတူတဲ့လူတွေ စုစည်းနေတဲ့အခါမှာ ပေါ်လာတဲ့ပြဿ     နာတွေကို ဖြေရှင်းနိုင်ဖို့ အခြေခံအကောင်းဆုံးကတော့  ဖက်ဒရယ်ပဲ။” ကွန်ဖက်ဒရေးရှင်းနဲ့ ဖက်ဒရယ်နဲ့ ဘာကွာခြားလည်းဆိုတာလည်း သိချင်ပါတယ်။ “ကွန်ဖက်ဒရေးရှင်းဆိုတာကတော့ ဗမာလို ပြည်ထောင်ပေါင်းစု ပြည်ထောင်စုလို့ခေါ်တယ်။ ပြည်ထောင်ပေါင်းစုဆိုတာကတော့ သူက အမေရိကန်ပြည်ထောင်စု အတွေ့အကြုံကို ပြောလို့ရတာပေါ့။ အမေရိကန်ပြည်ထောင်စုမှာ အရင်တုန်းက ၁၃ ပြည်နယ်ရှိခဲ့တယ်လေ။ ၁၃ ပြည်နယ်က ဘာနဲ့အလားသဏ္ဌာန်တူသလဲဆိုတော့ တပ်ပေါင်းစုဖွဲ့သလိုပေါ့။ တပ်ပေါင်းစုဖွဲ့တဲ့အခါကျတော့ ကေအိုင်အိုပါမယ်၊ ကရင်ပါမယ်၊ ဘာပါမယ် အကုန်လုံးပါကြတာပေါ့။ ပါတဲ့အခါကျတော့ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့လိုက်တယ်။ ဖွဲ့တဲ့အခါကျတော့ တကယ့်အာဏာက အောက်ခြေ Organization မှာရှိတယ်။ ကိုယ်စားလှယ်မှာမရှိဘူး၊ သူ ဆုံးဖြတ်လို့မရဘူး။ အဲဒီကိုယ်စားလှယ်ဆိုတဲ့ပုဂ္ဂိုလ်တွေက သူ့ရဲ့ မူရင်းမိခင်အဖွဲ့အစည်းကို ပြန်ခေါ်ရင် ပြန်သွားရတယ်။ အဲလိုသဘောမျိုးနဲ့ ဖွဲ့ထားတဲ့ယူနစ်တွေက ကွန်ဖက်ဒရေးရှင်းပဲ။ အဲဒီတော့ အမေရိကန်ပြည်ထောင်စုရဲ့ ၁၃ ပြည်နယ် စတင်ဖွဲ့စည်းတုန်းက ပြည်နယ်တွေလက်ထဲမှာ အဓိကအာဏာရှိတယ်။ အဲဒီတော့ ပြည်နယ်အစိုးရစေလွှတ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့အညီ ကွန်ဖက်ဒရေးရှင်းအစိုးရကို ဖွဲ့ရတယ်။ ကွန်ဖက်ဒရေးရှင်းအစိုးရက Very Weak (အလွန်အားနည်းတဲ့) အစိုးရဖြစ်တယ်။ Centralization မရှိဘူး၊ ဗဟိုချုပ်ကိုင်မှုမရှိဘူး။ အဲဒီအခါကျတော့ ပြည်ထောင်စုက လည်ပတ်လို့မရဘူး။ ၁၃ ပြည်နယ်မှာ ပြည်နယ်အဖွဲ့ဝင်တွေက ကြိုက်တာလုပ်လို့ရတယ်။ ဆိုတော့ လုံးဝထိန်းချုပ်လို့မရတဲ့အခါကျတော့မှ ကွန်ဖက်ဒရေးရှင်းနဲ့ သွားလို့မရတော့ဘူး။ တစုံတရာ အခွင့်အာဏာရှိတဲ့ ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ အစိုးရတရပ်ကို ဖော်ဖို့လိုတယ်ဆိုပြီးတော့မှ သူက ဖက်ဒရယ် ပေါ်လာတာပဲ။” ဖက်ဒရယ်နဲ့ ပြည်ထောင်စုနဲ့ ကွာခြားချက်ကို ရှင်းပြပေးပါခင်ဗျာ။ “ပြည်ထောင်စုနဲ့ ဖက်ဒရယ်ကတော့ မြန်မာလိုကတော့ ဘာသာပြန်ရင်တော့ ဖက်ဒရယ်ကတော့ ဖက်ဒရယ်ပြည်ထောင်စုပေါ့။ ယူနီယံဆိုရင်တော့ ပြည်ထောင်စုလို့ ပြောကြမှာပေါ့။ သို့သော် အနှစ်သာရကို ကြည့်ဖို့လိုတယ်။ မြန်မာမှာကတော့ စကားလုံးက မရှင်းဘူးလို့ ဆရာတော့ ထင်တာပဲ။ ဖက်ဒရယ်လည်းပြည်ထောင်စုပဲ၊ ကျန်တဲ့ဟာလည်း ပြည်ထောင်စုပဲလို့ ပြောလို့ရတယ်။ ဥပမာဆိုရင် ၁၉၄၇ ဖွဲ့စည်းပုံမှာလည်း ပြည်ထောင်စုလို့ သုံးသွားတာပဲ။ ဖက်ဒရယ်လို့ မသုံးဘဲနဲ့ ဖက်ဒရယ်ပြည်ထောင်စုလုပ်ကြတဲ့တိုင်းပြည်တွေလည်း ရှိကြတာပဲ။ အဲလိုရှိတဲ့အခါကျတော့ ပြည်ထောင်စုဆိုတဲ့သဘောကတော့ အောက်ခြေမှာ မတူကွဲပြားတဲ့ယူနစ်တွေ၊ မတူကွဲပြားတဲ့နောက်ခံသမိုင်းရှိတဲ့ ဖွဲ့စည်းပုံယူနစ်တွေ၊ ပြည်နယ်တွေ၊ ဒေသတွေ ပါဝင်စုဖွဲ့ထားတာကို သူက ပြည်ထောင်စုလို့ ခေါ်တာပဲလေ။ သို့သော် ဖက်ဒရယ်ကျတော့ ခုနပြောတဲ့၊ ရှေ့ပိုင်းမှာ ဆရာရှင်းပြခဲ့တဲ့ အနည်းဆုံးအခြေခံ ၃ ချက်လောက်နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ဟာမျိုးမှသာလျှင် ဖက်ဒရယ်ပြည်ထောင်စုလို့ခေါ်တာပေါ့။ အဲလိုမဟုတ်ဘဲအခြားနည်းနဲ့ ဖြစ်သလို စုစည်းထားပြီးတော့ ပြည်ထောင်စုလို့ခေါ်ကြတဲ့တိုင်းပြည်တွေလည်း အများကြီးပဲ။” လက်ရှိအချိန်မှာ တိုင်းပြည်ကို ဖက်ဒရယ်ကို သွားတော့မယ်ဆိုပြီး ခေါင်းဆောင်တွေက ပြောနေကြပြီပေါ့နော်၊ ဖက်ဒရယ်ရဲ့ ကောင်းကျိုးက ဘာဖြစ်မလဲ၊ ဆိုးကျိုးက ဘာဖြစ်မလဲ။ “ဖက်ဒရယ်ရဲ့ အားနည်းချက်က ဘာလဲဆိုတော့ သူက ဥပမာအားဖြင့် ပြောမယ်ဆိုရင် ကြိုးတန်းပေါ်မှာ လမ်းလျှောက်သလိုပဲတဲ့ ပညာရှင်တွေပြောကြတာက။ ကြိုးတန်းပေါ်မှာ လမ်းလျှောက်တယ်ဆိုတာ သူက ညှိရတယ်လေ။ Balance ကို ယူထားရတယ်။ ယူနစ်တွေအချင်းချင်းအကြားမှာ Balance ကို ယူထားရတယ်။ Constituent Units လို့ခေါ်တဲ့ ပြည်ထောင်စုအဖွဲ့အစည်းမှာပါဝင်တဲ့ ယူနစ်တွေနဲ့ ဗဟိုအစိုးရကြားထဲမှာ  ချိန်ခွင်လျှာ ညှိထားရတယ်။ တရားစီရင်ရေးကြားထဲမှာ ချိန်ခွင့်လျှာ ညှိထားရတယ်။ သဘာဝသယံဇာတခွဲယူရေးထဲမှာ ချိန်ခွင်လျှာ ညှိထားရတယ်။ အဲဒီတော့ ညှိထားနိုင်တဲ့တိုင်းပြည်တွေမှာ ဖက်ဒရယ်က ကောင်းမွန်စွာ လည်ပတ်တာပဲ။ မညှိနှိုင်ဘူး၊ ညှိတဲ့ Process က ပျက်သွားပြီဆိုရင် ဖက်ဒရယ်က ပျက်ဖို့ အလားအလာရှိသွားပြီ။ ဆိုလိုတာက ဖက်ဒရယ်ပြည်ထောင်စုရဲ့အခြေခံက ညှိနှိုင်းရေးပဲ။ ညှိနှိုင်းနိုင်တဲ့ ပေါ်လစီလို့ခေါ်တာပေါ့။  ညှိနှိုင်းနိုင်တဲ့ နိုင်ငံရေးနောက်ခံအခြေအနေကို ဖန်တီးပေးထားရတယ်။ ဒါက ဖက်ဒရယ်ရဲ့ Key (သော့) ပဲ။ အဲဒီတော့ ဖက်ဒရယ်မှာ ညှိနှိုင်းနိုင်ဖို့က  Stakeholders လို့ခေါ်တဲ့ ဒီဟာမှာ ပါဝင်တဲ့အင်အားစုတွေက တခုက Very Strong ဖြစ်ပြီး၊ သိပ်အားကောင်းပြီး တခြားယူနစ်တွေက အားနည်းနေတယ်ဆိုရင် ညှိနှိုင်းနိုင်တဲ့အခြေအနေက ပျက်သွားပြီ၊ မရတော့ဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနဲ့သွားလို့ မရဘူးလို့ပြောတာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်တခုတည်းက အကြီးအကျယ်အားကောင်းပြီး သူ့ကို ထိန်းလို့ရမယ့်အဖွဲ့အစည်းမရှိဘူး။ ဘယ်တော့မှ ဖက်ဒရယ် သွားလို့မရဘူး။ ဖက်ဒရယ်က ညှိနှိုင်းနိုင်တဲ့အခြေအနေကို ဖန်တီးပေးထားရတယ်။ လူနည်းစုဖြစ်ရင်ဖြစ်မယ်၊ ဓနငွေကြေးအရ နည်းပါးရင် နည်းပါးမယ်၊ ခွန်အားအရ နည်းပါးရင် နည်းပါးမယ်၊ လူဦးရေအရ နည်းပါးရင် နည်းပါးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲလိုနည်းပါးတဲ့အင်အားစုတွေ၊ အဖွဲ့အစည်းတွေ၊ လူမျိုးစုတွေ၊ အုပ်စုတွေ၊ အလွှာတွေကလည်းပဲ ညှိနှိုင်းနိုင်ရေး နောက်ခံအခြေအနေ ရှိရမယ်။ အဲလိုအခြေအနေရှိတဲ့အခါမျိုးမှာ ဖက်ဒရယ်ကို သွားလို့ရတယ်။ ဆိုတော့ အဲလိုအခြေအနေရှိအောင်လုပ်ပေးထားပြန်တဲ့အခါကျတော့လည်း တကယ်လက်တွေ့ ညှိနှိုင်းတဲ့အခါမှာ ညှိနှိုင်းတဲ့ Process တွေက သဘာဝကျ မှန်ကန်ဖို့လိုတယ်၊ ရိုးရှင်းဖို့လိုတယ်၊ အပြုသဘောဘက်က ချဉ်းကပ်ဖို့လိုတယ်။ အဲလိုမဟုတ်ဘူး၊ အပျက်သဘောဘက်က ချဉ်းကပ်တယ်၊ ဥပမာ - Strong Nationalism ပေါ့၊ တဘက်က အစွန်းရောက်အမျိုးသားရေးဝါဒတွေပေါ်လာပြီ၊ သိပ်အားကောင်းလာပြီဆိုရင် ဖက်ဒရယ်က ပျက်တာပဲ။ ဒါက ဖက်ဒရယ်ရဲ့ အားနည်းချက်ပဲ။” ဖက်ဒရယ်ကျင့်သုံးအောင်မြင်တဲ့နိုင်ငံတွေမှာ နိုင်ငံသားတွေ လိုက်နာစောင့်ထိန်းတဲ့ ကျင့်ဝတ်တွေက ဘယ်လိုအမျိုးအစားတွေရှိနိုင်လဲ။ “ပထမ တချက်ကတော့ မျှဝေတဲ့စိတ်ဓာတ်ရှိဖို့လိုပါတယ်။ နိုင်ငံသားတွေမှာရော၊ သက်ဆိုင်ရာ ယူနစ်တွေမှာရှိတဲ့ အစိုးရအဆင့်အသီးသီးမှာရော မျှဝေတဲ့စိတ်ဓာတ်မရှိဘူးဆိုရင် ဖက်ဒရယ် တည်ဆောက်လို့မရပါဘူး။ မျှဝေတယ်ဆိုတာ ဘာလဲဆိုတော့ သဘာဝသယံဇာတတွေ ကိုလား၊ အခွင့်အလမ်းတွေကိုလား၊ ရပိုင်ခွင့်တွေကိုလား၊ ငွေကြေးဓနချမ်းသာတွေကိုလား၊ ကိုယ့်လူ့အဖွဲ့အစည်းမှာရှိတဲ့ ယူနစ်တွေအကြားထဲမှာ၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်တွေ ကြားထဲမှာ၊ ကိုယ့်ဒေသတွင်းမှာ ကိုယ့်ဒေသလူထုတွေ ကြားထဲမှာ ဖော်ဆောင်နိုင်လို့ရှိရင် ဖက်ဒရယ်က အောင်မြင်တာပဲ။ အဲလိုစိတ်ဓာတ်အခြေခံတခု ရှိဖို့လိုတယ်။ ဒါ စိတ်ဓာတ်ပိုင်းဆိုင်ရာအရဖြစ်တယ်။ ငါချည်းပဲစားချင်တယ်၊ ငါချည်းပဲလိုချင်တယ်၊ ငါပဲ အမြတ်ရချင်တယ်၊ ငါပဲကြီးပွားချင်တယ်ဆိုတဲ့စိတ်ဓာတ်လွှမ်းမိုးနေရင်တော့ ဘယ်တော့မှ ဖက်ဒရယ်က မအောင်မြင်ဘူး။ ဒါ တခုဖြစ်တယ်။ နောက်တခုက ဘာလဲဆိုတော့ ဖြစ်တဲ့ပြဿ   နာတွေကို ဥပဒေနဲ့အညီဖြေရှင်းမယ်၊ ဥပဒေ ကလည်းပဲ တရားမျှတတဲ့ဥပဒေတွေဖြစ်ပြီးတော့ ဥပဒေစိုးမိုးရေးအခြေခံကနေ၊ စစ်မှန်တဲ့ ဥပဒေစိုးမိုးရေးအခြေခံကနေ ပေါ်လာတဲ့ဥပဒေများနဲ့အညီ ပထမအဆင့်က ညှိနှိုင်းဖြေရှင်းလို့ မရရင် ဥပဒေက ချမှတ်ထားတဲ့၊ လွတ်လပ်ဘက်မလိုက်ထက်မြက်တဲ့ တရားလွှတ်တော်ချုပ်က ချမှတ်တဲ့အမိန့်ကို နာခံမယ်ဆိုတဲ့ လုပ်ဟန်တွေရှိဖို့ လိုပါတယ်။ အဲဒီလို လုပ်ဟန်တွေရှိတဲ့ တိုင်းပြည်တွေပဲ ဖက်ဒရယ် အောင်မြင်ကြတယ်။” ဖက်ဒရယ်စနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ရင်းနဲ့ ကျရှုံးသွားခဲ့တဲ့နိုင်ငံရှိလား။ ရှိတယ်ဆိုရင် ဘာကြောင့် ကျရှုံးခဲ့ရတယ်လို့ ကောက်ချက်ဆွဲမလဲ။ “ဥပမာ ဆိုကြပါစို့၊ ဆိုဗီယက်ရုရှားလေ၊ ဆိုဗီယက်ရုရှားက အဲဒီသဘော ဖော်ဆောင်ခဲ့တာပဲ။ ဒါပေမယ့် ပျက်စီးသွားတယ်လေ။ အားလုံးပေါင်း ဆိုဗီယက်ရုရှားမှာ စတုန်းက ၁၅ ယူနစ်လောက်ပါတယ်။ ဖက်ဒရယ်အခြေခံလို့ ပြောတဲ့ပုံစံတည်ဆောက်ထားပြီးတော့ ဘာကို သွားကျင့်သုံးလိုက်လဲဆိုတော့ Extreme Centralization ပေါ့။ အလွန်အကျွံ၊ အလွန်အကဲ ဗဟိုချုပ်ကိုင်မှု သွားကျင့်သုံးတဲ့အခါမှာ ဆိုဗီယက်ရုရှားနိုင်ငံဟာ ပျက်စီးသွားခဲ့တာပဲ၊ ပြိုလဲသွား ခဲ့တာပဲ။ အဲဒီတော့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံကမ္ဘာလဲဆိုတော့ ဗဟိုပြည်ထောင်စု အစိုးရနဲ့ ပြည်ထောင်စုအဖွဲ့အစည်းထဲမှာပါဝင်တဲ့ Constituent Units လို့ခေါ်တဲ့ ပြည်နယ်အစိုးရတွေ ကြားထဲမှာ သင့်တင့်လျောက်ပတ်တဲ့အာဏာကို ခွဲဝေထိန်းကြောင်း ထားနိုင်ရေးဖြစ်တယ်၊ ဒါ တခု။ နောက်တခုက ပြည်နယ်တခုနဲ့တခုကြားထဲမှာ ပြဿ     နာတွေ ဖြစ်လာရင် ဖြေရှင်းနိုင်တဲ့ယန္တရားတွေရှိသလို တရားစီရင်ရေး အဆုံးအဖြတ်ကို နာခံပြီး ဖြေရှင်းသွားတဲ့ အစဉ်အလာလည်း ရှိဖို့လိုတယ်၊ ဒါတခု။ နောက်တခုက အခွင့်အာဏာရော၊ တိုင်းပြည်ရဲ့ ၀င်ငွေတွေရော၊ သဘာဝသယံဇာတ ရင်းမြစ်တွေရောကို မျှတစွာ ခွဲဝေယူမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ဟန်နဲ့လက်တွေ့လည်းရှိဖို့လိုတယ်။ ဒါမှ ဖက်ဒရယ်က တည်မြဲတာဖြစ်ပါတယ်။ အမေရိကန်ဖက်ဒရယ်နဲ့ ဥရောပ ဖက်ဒရယ်နဲ့ မတူဘူးပေါ့နော်၊ အိန္ဒိယ၊ ကနေဒါစတဲ့ ဖက်ဒရယ်နိုင်ငံကြီးတွေလည်း ရှိကြတယ်။ လူမျိုးပေါင်းစုံမြန်မာပြည်နဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ပုံစံမျိုးကလေ ဘယ်လိုပုံစံမျိုးဖြစ်မလဲ။ “ဒီလိုတော့ရှိတယ်။ ကမ္ဘာမှာရှိတဲ့ ဖက်ဒရယ်နိုင်ငံတွေက သူ့ဟာနဲ့သူ ကောင်းကြတာပဲ။ သူ့နည်းသူ့ဟန်နဲ့သူ လည်ပတ်လို့ရကြတာပဲ။ ဗမာပြည်ကလည်းပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ဖက်ဒရယ်အိုင်ဒီယာ၊ ခုနပြောတဲ့ ဖက်ဒရယ်အတွေးအခေါ်၊ ဖက်ဒရယ်လုပ်ဟန်၊ ဖက်ဒရယ်ရဲ့ လည်ပတ်ပုံစနစ်တွေကို လေ့လာပြီးတော့ ကိုယ့်တိုင်းပြည်ဒေသနဲ့၊ ကိုယ့်ဟာနဲ့ကိုယ် လိုက်လျောညီထွေဖြစ်တဲ့ ဖက်ဒရယ်စနစ်တခုကို တည်ဆောက်ရမယ်လို့ ဆရာတော့ ထင်တယ်။ ပုံသေယူလို့တော့ မရနိုင်ဘူး။ ပုံသေကူးချလို့ မရနိုင်ဘူး။ အဲလိုပဲ ဆရာပြောချင်တယ်။ ဥပမာ ဆွစ်ဇာလန် ဖက်ဒရယ်စနစ်က သူ့ဟာနဲ့သူ ကောင်းတာရှိတယ်၊ ဆွစ်ဇာလန်ရဲ့ နောက်ခံ အခြေအနေက မတူဘူး ဆရာတို့နဲ့။ ဆွစ်ဇာလန်မှာ အဓိကပြောကြတာက ဂျာမန်ရှိတယ်၊ ဖရန့်ရှိတယ်၊ အီတလီရှိတယ်။ အဲဒီသုံးမျိုးစကားကို အဓိကပြောတယ်။ ဆရာတို့တိုင်းပြည်က အဲလိုမဟုတ်ဘူး၊ သမိုင်းကြောင်းကလည်း မတူဘူး။ လူဦးရေကလည်း မတူဘူး။ နောက်ပြီးတော့ ပေါ်လာတဲ့ ပြည်ထောင်စုတည်ဆောက်ပုံ အနေအထားကလည်း မတူဘူး။ ဆွစ်ဇာလန်မှာလို Consociational Government သွားလို့မရနိုင်ဘူး။ အဲလိုမတူတာတွေရှိတယ်လေ။  သို့သော်အားလုံး ဥပမာဆို ဗမာပြည်ဆိုရင် အိန္ဒိယနဲ့ ၁၉၄၇ တုန်းကဆိုရင် အိန္ဒိယနဲ့ တိုက်ရိုက်သွားယူတဲ့အတွက် ၄၇ ဖွဲ့စည်းပုံဟာ အင်မတန်ကောင်းနိုင်ပါသော်ငြားလည်းပဲ ၄၇ ဖွဲ့စည်းပုံသည်ပင်လျှင် တိုင်းရင်းသားတွေ လက်မခံနိုင်လို့  ပြဿ     နာတွေ တက်တာပဲဟာ။ အဲဒီတော့ နိုင်ငံတခုရဲ့ ဖွဲ့စည်းပုံ ဖက်ဒရယ်စနစ်ကို အတိအကျသွားယူလို့တော့ မရနိုင်ဘူးလို့ ဆရာမြင်တယ်။” ဖက်ဒရယ်ပြည်ထောင်စုကို မြန်မာပြည်မှာ တည်ဆောက်ရင် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အထောက်အပံ့ဖြစ်စေမလား၊ စိုးရိမ်ပူပန်မှုတွေ မြင့်တက်စေမလား။ ဘယ်လိုမျိုးရှိလဲ။ “ဖက်ဒရယ်ပြည်ထောင်စုကို ၁၀၀ ရာခိုင်နှုန်းတည်ဆောက်ဖို့ လိုတယ်။ ခုန စိုးရိမ်ချက်တွေ ကတော့ ရှိမှာပဲ။ ကမ္ဘာ ပေါ်မှာ ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံတဲ့ System စနစ်ဆိုတာ ရှိကို မရှိဘူး။ အဲဒီတော့ ဖက်ဒရယ်ပြည်ထောင်ကို တည်ဆောက်သွားရင်း၊ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံကို လေ့လာသွားရင်း ဗမာပြည်ရဲ့ လက်တွေ့အခြေအနေနဲ့ ပေါင်းစပ်ဖို့ ကြိုးစားသွားရင်းနဲ့ အားနည်းချက်တွေကို ပြင်သွားရင်း အားကောင်းအောင် လုပ်သွားကြရမယ်။ စိုးရိမ်တာတော့ စိုးရိမ်စရာရှိမှာပဲ။ သို့သော် ဒီစနစ်ကလွဲရင်တော့ ကျန်တဲ့စနစ်က ဒီထက်ကောင်းတဲ့ စနစ်ကို ခုချိန်မှာတော့ ရှာလို့ မတွေ့သေးဘူးလို့ ပြောရမှာပဲ။” ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ စကာလုံး ဝေါဟာရကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းဖို့ လိုအပ်မလား။ “ဖွဲ့စည်းပုံမှာထဲကို ရှင်းရှင်းလင်းလင်းထည့်နိုင်ရင် အကောင်းဆုံးပါပဲ၊ ဥပမာဆိုကြပါစို့၊ ဒီမိုကရက်တစ်ဖက်ဒရယ်ယူနီယံဆိုတာမျိုးပေါ့။ ဘာလို့လည်းဆိုတော့ ဖက်ဒရယ်က ဒီမိုကရေစီ မပါလည်း မအောင်မြင်နိုင်ဘူး။ ခုနပြောသလို ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးရေးမရှိရင် ဖက်ဒရယ်လည်း အောင်မြင်ဖို့အလားအလာမရှိဘူး။ ပြည်နယ်တွေက သူ့ဟာသူ လုပ်ချင်ရာ လုပ်ကြပြီးတော့ တဗိုလ်တမင်းနဲ့ ပြည်နယ်တွေမှာ စစ်ဘုရင်ထပ်ပေပြီးတော့ ပြည်ထောင်စုပါ ပြိုကွဲသွားမှာပဲ။ အဲလိုဆိုတဲ့အခါကျတော့ ဒီမိုကရေစီအခြေခံရှိဖို့လိုတယ်၊ ဥပဒေစိုးမိုးရေး အားကောင်းဖို့လိုတယ်၊ ဒါက အခြေခံပဲ၊ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံမှာ ကတည်းကိုက ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ဟာမျိုးကို အတိအကျ သုံးနိုင်ရင်တော့ ပိုကောင်းမယ်လို ဆရာတော့ထင်တာပဲ။” မြန်မာပြည်က တပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်တို့အောက်ကနေပြီးတော့ အခု ဖက်ဒရယ်စနစ်ကို ဗြုန်းကနဲသွားလိုက်လို့ရှိရင် ဘယ်လို ကွာဟမှုတွေကို ရုတ်တရက်မှာ ဖြတ်သန်းကျော်လွှားရဖို့ရှိလဲ။ “အဓိက စိုးရိမ်ချက်က စစ်အာဏာရှင်တွေက အာဏာက မလွှတ်ချင်ဘဲနဲ့ ၁၉၆၂ ခုနှစ်က စပြီးတော့ အင်မတန်တင်းကြပ်တဲ့ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးထားတဲ့အခါမှာ တဖက်စွန်းကို ရောက်သွားကြတယ်။ ဆိုတဲ့အခါကျတော့ စစ်အာဏာရှင်တွေက တင်းကျပ်တဲ့ဗဟိုချုပ်ကိုင်မှုကို ကနေ့အချိန်ထိလည်း ၂၀၀၉၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်လက်ကျင့်သုံးနေကြတာပဲ။ ဆိုတော့ ဒီအန္တရာယ်ကို ကြောက်ရတာ တပိုင်းဖြစ်တယ်။ နောက်တပိုင်းက ဒီမိုကရေစီကို အလွန်အကျွံကျင့်သုံးသွားမှာ စိုးရိမ်ရတာရှိတယ်။ ဒီနှစ်ခုကို သတိထားမယ်ဆိုရင်တော့ သင့်တင့်မျှတတဲ့  Democratic Practices (ဒီမိုကရက်တစ် အလေ့အကျင့်) ဒီမိုကရေစီအခြေခံကို ကျင့်သုံးသွားမယ်၊ ဥပဒေစိုးမိုးရေး လေးစားလိုက်နာ သွားမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဟာ ကြီးမားတဲ့ အန္တရာယ် မရှိနိုင်ပါဘူး။ ဖက်ဒရယ်ပီပီပြင်ပြင်ဖြစ်လာရင် ဗဟိုအစိုးရရဲ့အာဏာ လျော့ပါးသွားမလား။ ပြည်နယ်တွေမှာ အာဏာဘယ်လိုဖြစ်လာနိုင်ခြေရှိမလဲ။ “ဖက်ဒရယ်ကို တကယ်သွားမယ့်ဟာက ဗဟိုအစိုးရရဲ့   တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှု ထားလို့ မရဘူး။ နောက်တခုက ပြည်ထောင်စုဖွဲ့စည်းရာမှာ ပါဝင်တဲ့ယူနစ်တွေကလည်း အလွန်အကျွံ ပါဝါတွေ သွားယူထားလို့မရဘူး။ ဒီနှစ်ခုကြားထဲက သွားရမှာဖြစ်တယ်။ အဲဒီတော့ သင့်တင့်လျောက်ပတ်တဲ့၊ မျှခြေရှိတဲ့အာဏာ၊ အဲဒါကို သွားရမယ်။ ဗဟိုချုပ်ကိုင်မှုမရှိရင် ဖက်ဒရယ်ပြည်ထောင်စုက ပျက်သွားမှာပဲ။ ဗဟိုချုပ်ကိုင်မှု ရှိဖို့ကိုလိုတယ်။ ဒါပေမယ့် တဖက်ကကျတော့ ဗဟိုချုပ်ကိုင်မှုက သိပ်တင်းကျပ်လွန်းအားကြီးရင် ဖက်ဒရယ်က ပျက်တာပဲ၊ မရဘူး။ အခု ၂၀၀၈ ဖွဲ့စည်းပုံက မရဘူးဆိုတာ ဆရာပြောတယ်။ တင်းကျပ်မှုနဲ့ သွားနေတာ၊ ဘယ်တော့မှ ဖက်ဒရယ်မရဘူး။ အစွန်းဖြစ်သွားပြီးတော့ အောက်ခြေယူနစ်တွေ၊ ပြည်ထောင်စု ဖွဲ့စည်းရာမှာပါဝင်တဲ့ ယူနစ်တွေကိုယ်တိုင် သူအားကောင်းသွားပြီးတော့ ဗဟိုအစိုးရ အားနည်းသွားပြီဆို ဖက်ဒရယ် ပျက်မှာပဲ။ အမေရိကန်ပြည်ထောင်စု အတွေ့အကြုံကိုကြည့်ပေါ့။ ၁၃ ပြည်နယ်တုန်းက ဖက်ဒရယ် ဟုတ်မှမဟုတ်ပဲဟာ၊ လည်ပတ်လို့မှမရဘဲ၊ တိုင်းပြည်က ပျက်နေတာပေါ့။ သင့်တင့်လျောက်ပတ်တဲ့ ဗဟိုချုပ်ကိုင်မှုတွေ တည်ဆောက်ရှာဖွေသွားရင် ဖက်ဒရယ်က အောင်မြင်မယ်။ လာမယ့်နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးနေကြတယ်။ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုအတွက် ခိုင်မာတဲ့အုတ်မြစ်ချနိုင်ဖို့ ဘယ်လိုပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေ ပါဝင်သင့်သလဲ။ အစည်းအဝေးအစီအစဉ်တွေထဲမှာ ဘာတွေပါဖို့လိုသလဲ။ အားရစရာ ကောင်းနေလား။ “ပွင့်ပွင့်လင်းလင်းပြောရင် ခုချိန်ထိကတော့ အားရကျေနပ်ဖွယ်မရှိသေးပါဘူး။ လမ်းစကြီးတော့ မြင်နေပြီလို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ နံပါတ် ၁ က ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဖက်ဒရယ်ကို သွားမယ် ဆိုသော်ငြားလည်းပဲ ဖက်ဒရယ်ရဲ့အခြေခံတွေ၊ ဘယ်ဟာတွေ လက်ခံကျင့်သုံးသွားမယ် ဆိုတာမျိုးတွေကို ရှင်းလင်းတိကျတဲ့ စာနဲ့သေသေချာချာရေးထားတဲ့ မူဝါဒတခု မရှိသေးဘူး။ ဒါက အင်မတန်စိုးရိမ်စရာကောင်းတဲ့ အချက် ပထမတခုဖြစ်တယ်။ ဒုတိယတခုက အတွေးအခေါ်အရ မပြတ်သေးတာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ဖက်ဒရယ်ကိုသွားလို့ရတော့မလိုလို၊ ဦးအောင်မင်း (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ)တို့ အပါအ၀င် စစ်အာဏာရှင်တွေက အသံကောင်းပေးထားပြီးတော့ ဖက်ဒရယ်ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းကြောင်းကိုပဲ တွဲခေါ်သွားတဲ့ အဲဒီလမ်းကြောင်းမှာပဲ မျှောလိုက်နေကြတယ်။ ဥပမာဗျာ- အခု အန်အယ်လ်ဒီအမတ်တွေကို ဥပဒေကြောင်းအရ သင်တန်းပေးတော့မယ်။ သင်တန်းပေးတဲ့ အခါကျတော့ ဘယ် Subject (ဘာသာရပ်)တွေ ပို့ချမှာလဲလို့ ရှင်းလင်းချက်ကို နားထောင်လိုက်တဲ့အခါကျတော့ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ဟာတွေ မပါဘူး၊ စိတ်မကောင်းစရာ ပါ။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သူ့ကို ဗဟိုပြုထားတဲ့ ဥပဒေတွေကိုပဲ လွှတ်တော်အမတ်တွေ လေ့လာခွင့်ရအောင် သင်ကြားပို့ချပေးသွားမယ့်သဘောရှိတယ်။ ဖက်ဒရယ်အိုင်ဒီယာမရနိုင်ဘူး။ ကမ္ဘာပေါ်က ဖက်ဒရယ်နိုင်ငံတွေရဲ့ ဖွဲ့စည်းပုံတွေက ဘာတွေဖြစ်တယ်၊ သူတို့ရဲ့ အားကောင်းချက်တွေက ဘာဖြစ်တယ်၊ အားနည်းချက်တွေက ဘာဖြစ်တယ်၊ ဘာကို သင်ခန်းစာယူသင့်တယ်၊ ဗမာပြည်နဲ့ ဘယ်လိုမျိုးအကျုံးဝင်သင့်တယ်ဆိုတဲ့ဟာတွေက ပို့ချတဲ့ အထဲမှာ ပါမှ မပါဘဲဟာ။ အဲဒီတော့ ဒီ အန်အယ်လ်ဒီအမတ်တွေက ဘယ်လိုလုပ်ပြီးတော့ ဖက်ဒရယ်အခြေခံတွေကို ဖက်ဒရယ်အခြေခံကနေပြီးတော့ လွှတ်တော်ကို ပတ်သက်သွား ကြမလဲ။ ဥပမာဆိုကြပါစို့ လောလောဆယ်မှာကိုပဲ ဖက်ဒရယ်စနစ်ကို အခြေခံအားဖြင့် ဖျက်ဆီးထားတဲ့၊ ဖျက်ဆီးနေတဲ့ တည်ဆဲဥပဒေများရှိတယ်။ ဒါကို ဘယ်လိုချဉ်းကပ်မလဲ။ သင်တန်းတွေမှာ ဆွေးနွေးရရင် သာဓက ပြောပြမယ် ဟုတ်လား၊ အထူးစီးပွားရေးဇုန်ဥပဒေ၊ ၂၀၁၁ ခုနှစ်မှာ ပြဌာန်းတယ်။ ၂၀၁၄ ခုနှစ်မှာ ပြဌာန်းတယ်၊ ၂ ခါလောက်။ အထူးစီးပွားရေးဇုန် ဥပဒေတွေ ရှိတယ်။ ဒီအထူးစီးပွားရေးဇုန်ဥပဒေတွေဟာ တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှု အခြေခံကနေပြီးတော့ ပြည်နယ်တွေရဲ့ မြေယာနဲ့ သဘာဝသယံဇာတအခွင့်အရေးကို ရာနှုန်းပြည့်ဆန့်ကျင်ပြီး ပြဌာန်းထားတဲ့ဥပဒေ။ အဲဒီတော့ ဒီလိုဥပဒေတွေကို ဖက်ဒရယ် အခြေခံကနေ ဘယ်လိုချဉ်းကပ်မလဲဆိုတဲ့ သင်ကြား၊ ပို့ချ၊ ဆွေးနွေး၊ လေ့လာမှုတွေမရှိဘဲနဲ့ ဒီ အန်အယ်လ်ဒီအမတ်ကြီးတွေက ဘယ်လိုလုပ်ပြီးလွှတ်တော်မှာ ဘယ်ဥပဒေနဲ့ သွားပြဌာန်းမလဲ။ ဒီလို အားနည်းချက်တွေရှိတယ် ဒါတခုဖြစ်တယ်။ နောက်တခုက အခုသွားနေကြတဲ့ အန်စီအေလို့ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်အတွင်းမှာလည်းပဲ ရထားတဲ့ သဘောတူညီချက်တွေရဲ့ ရေရာမှု တခုမှ မရှိဘူး။ ဆိုလိုချင်တာကတော့ နားထောင်လို့ ကောင်းတယ်။ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံပေါ်ကနေ ဖက်ဒရယ် တည်ဆောက်သွားမယ်။ ဒီမူသဘောထားပါလာတာ မပါတာထက်စာရင် အများကြီး ကောင်းတယ်။ ဒါပေမယ့် တိကျမှုမရှိတော့ဘူး။ ကဲ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဘာကိုဆိုလိုတာလဲ။ တခွန်းတည်းနဲ့ပြောမယ်ဆိုရင် ၁၉၆၁ ခုနှစ်က တောင်ကြီးညီလာခံမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေက ရိုးသားစွာအသိအမှတ်ပြုပေးကြတဲ့ ‘ပြည်ထောင်စုကို အမျိုးသားပြည်နယ်များနဲ့သာ ဖွဲ့စည်းရေး’ ဆိုတဲ့ဟာမျိုး ပါကိုပါရမယ်။ အဲဒီတော့ ပြည်ထောင်စုကို အမျိုးသားပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့၊ ပြီးတော့မှ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုလို့ရှိရင် အများကြီးနီးစပ်သွားပြီ။ အဲဒီလိုမျိုး တိကျမှု၊ သေချာမှု ဘာမှမရှိဘဲနဲ့ ဖက်ဒရယ်ကို သွားမယ်ဆိုတဲ့အခါကျတော့ နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာပဲ ၀ဲလည်သွားမယ့် အန္တရာယ်ကို ဆရာတော့ အကြီးအကျယ် စိုးရိမ်မိပါတယ်။ နိုင်ငံမှာလည်း တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ဗမာလူမျိုးကများတယ်ဆိုတော့ ၈ ပြည်နယ်နဲ့  ဖွဲ့စည်းပုံ ပုံစံကို လက်ခံနိုင်မယ့်အနေအထားမျိုးရှိလား။ ဒီဖွဲ့စည်းပုံက လွယ်လင့်တကူဖြစ်မယ်ထင်သလား။ “ခုနပြောသလိုပေါ့။ နံပါတ် ၁ အချက်က စစ်အာဏာရှင်တွေက ဒီဆွေးနွေးပွဲတွေကို အသာတကြည်ခွင့်ပြုမယ်၊ အနှောင့်အယှက်မပေးဘူး၊ ပြဿ  နာ မရှာဘူး၊ ဒါ တခုနော်။ နောက်တခုက အတွေးအခေါ်အရ ရှင်းမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်သွားလို့ မရနိုင်ဘူးဆိုတာ အတွေးအခေါ်အရ ရှင်းမယ်။  တတိယတခုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့်တွေဟာ ထိုက်သင့်အားလျော်စွာ ဆင်နွှဲခွင့် ရှိမယ်ဆိုရင် ဆွေးနွေးပွဲတွေသာ လုပ်ခွင့်ပေးပါ။ ဆွေးနွေးပွဲတွေသာ လုပ်ခွင့်ပေးစမ်းပါ။ လူထုတရပ်လုံးလက်ခံလာအောင် ဘက်ပေါင်းစုံကနေ ချပြ၊ ရှင်းပြ၊ သဘောထားယူပြ၊ ထောက်ပြ၊ လုပ်ပြလို့ရတယ်။ Debate အချေအတင်ဆွေးနွေးပွဲတွေ အများကြီး ပေါ်လာဖို့လိုတယ်။ ဆွေးနွေးမှုတွေ အများကြီးပေါ်လာဖို့လိုတယ်။ လေ့လာမှုတွေ အများကြီးပေါ်လာမယ်။ ဆရာနားလည်တာက ဆရာတို့မြန်မာလူမျိုးတွေကလည်း ရိုးသားကြပါတယ်၊ ကောက်ကျစ်တဲ့လူတွေ မဟုတ်ဘူး။ ဒါပေမယ့် စဉ်းစားကြည့်ပါ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းကစပြီးတော့ ဖက်ဒရယ်ဆိုတာဟာ ကြောက်စရာကြီးလို့ ဖန်တီးထားတယ်။ ဖက်ဒရယ်ဆိုတာ တစ္ဆေသူရဲကြီးလိုပဲ၊ ခွဲထွက်ရေးလို့ ပြောတယ်။ ဖက်ဒရယ်သာ တည်ဆောက်မယ်ဆိုရင် ပြည်ထောင်စုကြီး ချောက်ထဲကျသွားနိုင်တယ်၊ ဒါကြောင့် ချောက်ထဲကျဖို့ လက်တကမ်းအလိုမှာ သူတို့တပ်မတော်က ကယ်တင်လိုက်ရတယ် ဆိုတာကြီးနဲ့ အခုလူငယ်တွေ၊ လူလတ်တွေ ကြီးပြင်းလာခဲ့ကြရတာ။ ဒီဟာကြီးက ဖျောက်ပစ်ရတာ မခက်ဘူးလား။ သိပ်ခက်တယ်။ ဒါပေမယ့် အခုနအခြေအနေ ရကြည့်စမ်းပါ။ ဖျောက်ဖျက်လို့ရပါတယ်။ မြန်မာလူမျိုးတွေ ရိုးသားမှုအခြေခံရှိတယ်ဆိုတာ ဆရာနားလည်တယ်။ အခုတက်တဲ့ပြဿ နာက အောက်ခြေလူထုကြားထဲမှာ မဟုတ်ဘူး။ မြစ်ဝကျွန်းပေါ် သွားကြည့်စမ်း ပါ။ မြန်မာရွာတွေ၊ ကရင်ရွာတွေ၊ ရှမ်းရွာတွေ အတူတကွ နေကြတာပဲ။ မြေပြန့်ဒေသ သွားကြည့်စမ်းပါဦး၊ ချင်းတွေ ဘာတွေ ရှမ်းတွေ အတူတကွ နေကြတာပဲ။ လူမျိုးတွေက ပြဿ     နာ တက်ကြတာမဟုတ်ဘူး၊ လူမျိုးရေးပြဿ    နာ မဟုတ်ဘူး။ ဒါက နိုင်ငံရေးပြဿ    နာ။ နိုင်ငံရေး သမားတွေက အဓိက စစ်အာဏာရှင်စနစ်ကို အကြီးအကျယ် တွန်းတင်တဲ့အခါမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဘက်ကလည်း ဟိုဘက်၊ ဒီဘက်တွေ တင်တဲ့အခါကျတော့ အမျိုးမျိုးဖြစ်ပြီးတော့ ပြဿ     နာ ဖြစ်ကြတာ။ လူထုပြဿ     နာ မဟုတ်ပါဘူး။ ရှင်းလို့ရပါတယ်။” ကျနော့်မေးခွန်းတော့ ပြီးပါပြီ၊ ဖြည့်စွက်ပြောစရာများ ကျန်ရှိဦးမလားခင်ဗျ။ “ပြည့်စုံပါပြီ၊ အဓိကနောက်ဆုံးပြောချင်တာကတော့ အခုလို မီဒီယာတွေကလည်း စိတ်ဝင်တစားနဲ့ အသေအချာလေ့လာကြပြီးတော့ စနစ်တကျလူထုကြားထဲမှာ ဖြန့်ဖြူးပေး သွားကြမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ ပိုပြီးတော့ အလှမ်းနီး နိုင်တယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးပါ။ “အိုကေ”  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up