ဘက်တ်မန်းပုံစံဝတ်ဆင်ပြီး မြို့လယ်ခေါင်ကင်းလှည့်ဆိုင်ကယ်စီးနင်းသူကို ဖမ်းဆီး

1.8K
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လည်ခေါင်ရှိ လူစည်ကားရာနေရာတွေမှာ ဘက်တ်မန်းပုံစံဝတ်ဆင်ကာ ကင်းလှည့်ဆိုင်ကယ်စီးနင်းခဲ့တဲ့လူတဦးကို ရဲတွေက ဖမ်းဆီးခဲ့ရပါတယ်။
အသက် ၂၉ နှစ်အရွယ် ကမ်ပနက်ချန်းကော်အမည်ရတဲ့ အမျိုးသားဟာ ဘက်တ်မန်း ဇာတ်ကောင်ဝတ်စုံကိုဝတ်ဆင်ပြီး မမ်မိုရီယယ်တံတားပေါ်ဖြတ်သန်းချိန်မှာ တာဝန်ကျ ယာဉ်ထိန်းရဲတွေက စစ်ဆေးဖမ်းဆီးခဲ့တာပါ။
သူဟာ ကလောင်သောင်ဈေးမှ ဇာတ်ကောင်ပုံစံတူ အရုပ်ရောင်းချသူတဦးဖြစ်တယ်လို့ ကိုကိုးနပ်စ်ဘန်ကောက်သတင်းမှာ ဖော်ပြပါတယ်။
သူက ဖခင်များနေ့ လှုပ်ရှားမှုမှာပါဝင်တဲ့ ဆိုင်ကယ်စီးနင်းသူတွေအတွက် ရေပေးဝေနိုင်ဖို့ ခုလိုလုပ်ခဲ့တာဖြစ်ပြီး ခုလိုမေးမြန်းတာကို နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။
ဘန်ကောက်မြို့၊ ဘမ်ပရမ်ခရိုင်ရဲဌာနမှ ရဲအရာရှိ ဆွမ်ချိုင်ချိုင်ဆွပ်က သူတို့အနေနဲ့ ဖမ်းဆီး ထားသူကို ဘယ်လိုပြစ်မှုနဲ့မှ ဖမ်းဆီးအရေးယူမှာမဟုတ်ပဲ ဘက်တ်မန်းပုံစံဖြစ်နေလို့ ခုလို ဖမ်းဆီးစစ်ဆေးခဲ့ရတာဖြစ်တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
စူပါဟီးရိုးဘက်တ်မန်း ကမ်ပနက်ကတော့ သူဟာ ဘက်တ်မန်းပုံစံပြောင်းကာ ညအချိန်မှာ ဘန်ကောက်မြို့လမ်းတွေပေါ် ဆိုင်ကယ်စီးနင်းတာဟာ မြို့တော်သူ မြို့တော်သားတွေ ဘေးကင်းလုံခြုံစေဖို့နဲ့ သူ့အနေနဲ့ အကူအညီပေးနိုင်ဖို့ တပါတ်မှာ တကြိမ်စီးနင်းဖြစ်တာပါလို့ ဆိုပါတယ်။
သူဟာ လူ့အဖွဲ့အစည်းကို တဖက်တလမ်းမှကူညီခဲ့ပေမယ့် ခုလိုဖြစ်ခဲ့တဲ့အတွက် ၁၀ နှစ်ကြာလက်တွဲခဲ့တဲ့သူ့ချစ်သူက လမ်းခွဲခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဘယ်လိုပဲဖြစ်နေပါစေ။ စူပါဟီးရိုးဘက်တ်မန်းကတော့ အပြုံးမပျက်လူတွေကို ကူညီမြဲ ကူညီနေမှာဖြစ်တယ်လို့ ကမ်ပနက်က ပြောပါတယ်။
ဓာတ်ပုံ - Coconuts Bangkok