နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးခံကျောင်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လွှတ်တော်ကော်မတီတင်ပြ

4K
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံ ကျောင်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီက သဘောထားမှတ်ချက်ပေးလိုက်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ အမျိုးသားစီမံကိန်းဆောင်ရွက်မှု အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကော်မတီတွေက သဘောထားမှတ်ချက်တွေ ပေးခဲ့ကြတာပါ။
အဲဒီမှာ ရွေးကောက်ပွဲအပြီး အစိုးရသစ်ကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းပေးနိုင်ရေး အလေးထား ဆောင်ရွက်သင့်တယ်လို့ ဦးစားပေးဖော်ပြခဲ့ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံက အဓိကတိုင်းရင်းသား လူမျိုးစု အားလုံးလိုလိုမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိနေတဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲ တွေလုပ်ပြီး ဖယ်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နိုင်ရေးကိုလည်း အလေးထားဖို့ သဘောထားမှတ်ချက်ပေးခဲ့တာပါ။
မလိုအပ်တဲ့ စီမံကိန်းတွေလျှော့ချ၊ အခွန်ရှောင်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူပြီး ဘတ်ဂျက် လိုငွေကို လျော့အောင်လုပ်ဖို့၊ ၀န်ထမ်းတွေကို လစာတစ်မျိုးတည်းနဲ့ ရပ်တည်နိုင်တဲ့အထိ ဆောင်ရွက်ပေးဖို့၊ အဂတိလိုက်စားတာကို စစ်ဆင်ရေးတစ်ရပ်လို အလေးထားချေမှုန်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
နိုင်ငံတော်ရဲ့ သယံဇာတတွေကို နည်းမျိုးစုံနဲ့ တစ်ဖက်နိုင်ငံကို ခိုးထုတ်နေတာကိုလည်း ထိန်းသိမ်းဆောင်ရွက် သင့်တဲ့အကြောင်းကိုလည်း ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေး နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီက သဘောထား မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။