Cop 21 ကမ္ဘာ့ရာသီဥတုအပြောင်းဆိုင်ရာ ပါရီညီလာခံကြီး

COP21 လို့ ကမ္ဘာကသိကြတဲ့ ရာသီဥတု အပြောင်းဆိုင်ရာ ညီလာခံကြီးကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပြင်သစ်နိုင်ငံပါရီ မြို့ကြီးအနားမှာရှိတဲ့ Le Bourget မှာ ကျင်းပ နေခဲ့ပါပြီ။ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ ၁၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒါဟာ ကုလသမဂ္ဂ ရာသီဥတု အပြောင်းဆိုင်ရာ လုပ်ငန်းဘောင် ညီလာခံချမှတ်ပြဌာန်းမှုမှာ အပါအ၀င် ဖြစ်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ရီအို ဂျင်နေးရီးယိုး ကမ္ဘာမြေညီလာခံကြီးကစပြီး ရာသီဥတု အပြောင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ နိုင်ငံရေး တုန့်ပြန်မှုကို စတင်ရရှိလာခဲ့တဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ညီလာခံရဲ့ ရည်မှန်းချက်ကတော့ ဥပဒေနဲ့ညီညွတ်တဲ့ ကမ္ဘာတ၀ှမ်းဆိုင်ရာ မလုပ်မနေရ သဘောတူညီချက်တွေကို ကမ္ဘာ့နိုင်ငံအားလုံးက ရယူပြီး ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုး ၂၀၂၀ ခုနှစ်နောက်ဆုံးထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ညီလာခံကျင်းပရေး စည်းရုံးရေးကော်မတီရဲ့ အဆိုအရ သူတို့မျှော်မှန်းထားတာက စက်မှုခေတ်ကာလ မတိုင်ခင်ကနဲ့ နှိုင်းစာရင် ကမ္ဘာကြီးပူနွေးလာမှုကို ၂၁၀၀ ခုနှစ်မှာ ၂ ဒီဂရီ ဆဲလ်စီးယပ်စ် အထိလျှော့ချနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ ၂၀၀၉ ခုနှစ်ရာသီဥတု အပြောင်းဆိုင်ရာ အစိုးရပိုင်းအဖွဲ့က သုတေသနပညာရှင်တွေကတော့ အဲဒါဟာ စိုးရိမ်ရတဲ့ ရာသီဥတု ကပ်ဘေးသင့်မှုတွေကို ရှောင်ကျင်နိုင်ဖို့ လိုအပ်တယ်လို့ သဘောတူညီခဲ့ကြပါတယ်။ အဲဒီလို ဖြစ်လာနိုင်ဖို့ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကို ၂၀၁၀ ခုနှစ်နဲ့ နိုင်းစာရင် ၂၀၅၀ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်ရမှာဖြစ်ပြီး သက္ကရဇ် ၂၁၀၀ မှာ သုံည အဆင့်ကို ရောက်ရှိစေရမယ်လို့ဆိုပါတယ်။ ဖြစ်နိုင်ချေ ဘယ်လောက်ရှိပါသလဲ။ ဒီညီလာခံကြီး စကျင်းပတဲ့ နေ့မှာမှာပဲ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မီးခိုးမြူတွေ ပိတ်ဖုံးလာပြီး လိမ္မော်ရောင် သတိပေးတပ်လှန့်မှု ထုတ်ထားခဲ့ရတဲ့အဆင့်ကို ရောက်ရှိလာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အနီရောင်အမြင့်ဆုံး သတိပေးတပ်လှန့်မှုအဆင့်ကို ထုတ်ပြန်လိုက်ရတာ တွေ့ရပါတယ်။ ဒီမီးခိုးမြူ ပိတ်ဆီးမှုဟာ ၃ ရက်လောက်အထိ ရှိနေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားလို့ အစိုးရက ပြည်သူလူထုတွေ အိမ်တွင်းမှာပဲနေကြဖို့ သတိပေးချက် ထုတ်ထားခဲ့ရပါတယ်။ အဲဒီလိုပဲ အန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလည်း တချိန်တည်းမှာ မီးခိုးမြူတွေ လေထုအရည်အသွေး ညွှန်းကိန်းအရ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်လာတဲ့အတွက် ပြည်သူလူထုတွေ အသက်ရှူ မွန်းကြပ်မှုတွေ ခံစားခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာ့ရာသီဥတု အပြောင်းဆိုင်ရာ ပါရီညီလာကြီးကို ဒီကိစ္စကို ပိုပြီးလေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းဖို့ သတိပေးလိုက်သလိုပါပဲ။ ဒီညီလာခံကြီးကို မှန်လုံအိမ်ဓာတ်ငွေ့အဓိက ထုတ်လွှတ်နေကြတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံလို ဖွံ့ဖြိုးတဲ့ နိုင်ငံတွေရော အလယ်အလတ်ထုတ်လုပ်သူ နိုင်ငံတွေနဲ့ အဲဒီမှန်လုံအိမ်ဓာတ်ငွေ့ကြောင့် ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်တွေကို တကယ်တန်း ခါးစီးခံနေရတဲ့ ဖိလစ်ပိုင်နိုင်ငံလို ခုခံနိုင်စွမ်းမဲ့ နိုင်ငံ ၂၀ နိုင်ငံတွေက ကိုယ်စားလှယ်တွေ လည်းတက်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ညီလာခံ မကျင်းပခင်မှာကတည်းက အမျိုးသားရာသီဥတုအဖွဲ့ ၁၄၆ ဖွဲ့က အမျိုးသား ရာသီဥတုဆိုင်ရာအကြမ်းပျင်း အကြံပြုအားပေးမှု (ကြံရွယ်အမျိုးသား အဆုံးအဖြတ်ပြု အကြံပေး ကူညီမှု INDCs)ကို တရားဝင် တင်ပြခဲ့ကြပါတယ်။ အဲဒီအကြံပြု ကူညီမှုက ၂၁၀၀ ခုနှစ်မှာ ကမ္ဘာကြီးပူနွေးမှုကို ၂.၇ ဒီဂရီ ဆဲလ်စီးရပ်စ် လောက်ခန့်မှန်းခြေ လျှော့ချနိုင်ရမယ်လို့ အကြံပြု တင်ပြထားခဲ့တာရှိပါတယ်။ ဥပမာ အနေနဲ့ကတော့ အိုင်အင်ဒီစီက ၁၉၉၀ ခုနှစ်နဲ့ နှိုင်းယှဉ်မှုအရ ၂၀၃၀ ခုနှစ်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၄၀ ရာခိုင်နှုန်း လျှော့ချဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံက ဆိုပါတယ်။ အကြို COP အစည်းအဝေးတခုကိုတော့ ကမ္ဘာတ၀ှမ်းက သဘာဝ ၀န်းကျင်ဆိုင်ရာဝန်ကြီးတွေနဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဘွန်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ပင်ရှင်ကောင်စီ(WPC) လို အကြံဥာဏ်ပြု အဖွဲ့တွေကတော့ အဓိကအောင်မြင်မှု ရရှိဖို့မှာ အမေရိကန်နဲ့တရုတ်လို မူဝါဒ ချမှတ်သူတွေရဲ့ သိမြင်သဘောပေါက်မှုပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။ သူတို့က “၀ါရှင်တန်နဲ့ ဘေဂျင်းက မူဝါဒချမှတ်သူတွေက သူတို့ရဲ့ နိုင်ငံရေး အရင်းအနှီးအားလုံးကို ရည်ရွယ်ချက်မြင့်မားတဲ့ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဦးတည် အကန့်အသတ်အထိ လျှော့ချရေးကို လက်ခံမှုနောက်ကို ပို့မထားသေးသမျှတော့ တခြား ဂျီ ၂၀ အစိုးရတွေရဲ့ချီးကျူးထိုက်တဲ့ အားထုတ်မှုတွေဟာ ဟန်ပြဆန္ဒနယ်ပယ်ထဲမှာပဲ ရှိနေပါလိမ့်မယ်” လို့ ဆိုပါတယ်။ ဒီရာသီဥတု အပြောင်းဆိုင်ရာ ညီလာကြီး မကျင်းပခင် ၂ ပတ်က ပါရီမြို့တော်မှာ အကြမ်းဖက် တိုက်ခိုက်ဗုံးဖောက်ခွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် ပြင်သစ်အစိုးရအနေနဲ့ ရာသီဥတု အပြောင်းဆိုင်ရာ ညီလာခံအပေါ် စိတ်ပါလက်ပါမှ ရှိနိုင်ပါတော့မလားလို့ တွေးဆမှု တွေရှိခဲ့ပေမယ့် ပြင်သစ်သမ္မတ ဖရန်ဖွာ ဟော်လန်းဒေးက သူ ဖိလစ်ပိုင်နိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တုန်းက သွားကြည့်ခဲ့တဲ့ တိုင်ဖွန်မုန်တိုင်းကြောင့် ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွား ခဲ့တဲ့ တာကလိုဘန်မြို့ရဲ့ အဖြစ်မျိုးကို အမှတ်ရရ ဒီလို ရာသီဥတု အပြောင်းဒဏ်ကို ခုခံနိုင်စွမ်းမဲ့ နိင်ငံတွေရဲ့အရေးကို အလေးပေးဆွေးနွေးသွားခဲ့တဲ့အတွက် ရာသီဥတု အပြောင်းကြောင့် သက်ရောက်မှုတွေအပေါ် သူနဲ့ အစိုးရအဖွဲ့ရဲ့ စိတ်ဝင်စားမှုကို ပြသခဲ့တယ်လို့ ဆိုရမှာပါပဲ။ အာဖရိကန် စီမံချက်ဆောင်ရွက်သူတွေကတော့ ကမ္ဘာကြီးပူနွေးလာမှု ကြောင့် အာဖရိက တိုက်ရဲ့ ကြီးကြီးမားမားပျက်စီး ဒုက္ခခံစားရမှုတွေအတွက် လျှော်ကြေးပေးအပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီပြဿ နာဟာ ချမ်းသာတဲ့နိုင်ငံတွေကြောင့် ဖြစ်ရတာဖြစ်ပြီး ဆင်းရဲတဲ့နိုင်ငံတွေက အပြင်းထန်ဆုံး ရိုက်ခတ်ခံရတာ လို့သူတို့က ယုံကြည်ကြပါတယ်။ အာဖရိကန် နိုင်ငံရေးသမားတွေနဲ့ အင်ဂျီအိုတွေကလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ကမ္ဘာကြီးပူနွေးမှု ရဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ခံနေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ငွေကြေးအကူအညီ တွေပေးဖို့ တောင်းဆိုနေကြပါတယ်။ လျှော်ကြေးတွေဟာမုန်တိုင်းကြောင့် ပျက်စီးမှု၊ သီးနှံ မအောင်မြင်မှု၊ မိုးခေါင်ကန္တာရ ဖြစ်လာမှုတွေနဲ့ သစ်တောပျက်စီးမှုတွေအားလုံးကို ထေမိမှု ရှိသင့်တယ်လို့အာဖရိက နိုင်ငံတွေက ဆိုပါတယ်။ ဒီငွေကြေးဟာကြီးမားတဲ့ နေရာဒေသတွေ လူနေလို့ မရအောင်ဖြစ်လာလို့အင်နဲ့အားနဲ့ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ စရိတ်စကနဲ့ ငှက်ဖျားလို ရောဂါမျိုးတွေ ဖြစ်ပွားမှု မြင့်တက်လာတာတွေအတွက်လည်း အကူအညီဖြစ်စေသင့်တယ်လို့ ဆိုပါတယ်။ အာဖရိကလွှမ်းခြုံ ရာသီဥတုတရားမျှတ မှု မဟာမိတ်အဖွဲ့(PACJA) အထွေထွေ အတွင်းရေးမှူး မီသီခ မ၀င်ဒါကတော့ “ ရာသီဥတု အပြောင်းကြောင့်ထိခိုက်ခံစားကြရတဲ့ အာဖရိကပြည်သူတွေရဲ့ အသံတွေကတော့ ရေကြီးမှုတွေနဲ့ မိုးခေါင်မှုတွေကြောင့် သူတို့ဘ၀ ရပ်တည်ရေးအတွက် အားထားနေရတဲ့ လယ်ယာမြေတွေနဲ့ တိရိစ္ထာန်တွေ ဆုံးရှုံးနေရလို့ ကျယ်လောင်သထက် ကျယ်လောင်လာနေပါပြီ” လို့ အင်ဒီပင်းဒင့်သတင်းဌာနကို ပြောပြခဲ့ပါတယ်။ သူကပဲ “စက်မှု နိုင်ငံကြီးတွေက လေထုကိုညစ်ညမ်းအောင်လုပ်ပြီး ချမ်းသာကြွယ်ဝလာခဲ့ကြပြီး ခုဆို ကျနော်တို့ရဲ့ မြစ်ကြီးတွေ ခန်းချောက်လာနေသလို ကျနော်တို့သီးနှံတွေလည်း ဖုံမှုန်တွေဖြစ် ကုန်ကြပြီလေ။ ဒီတော့ ဒီဆုံးရှုံးမှုတွေနဲ့ ပျက်စီးမှုတွေအတွက် ပါရီသဘောတူညီချက်မှာ ပြောဆိုကိုင်တွယ်ပေးဖို့ အရေးတကြီး လိုအပ်နေပြီပေါ့ဗျာ”လို့ သူက ထပ်ပြောပါတယ်။ သူတို့ရဲ့ မဟာမိတ်အဖွဲ့က အာဖရိကနိုင်ငံ ၄၅ နိုင်ငံက လယ်သမား ၁၀၀၀ ကျော်၊ ဘုရားရှစ်ခိုးကျောင်းတွေ၊ အင်ဂျီအိုတွေနဲ့ အခြားအဖွဲ့အစည်းတွေအတွက် ပြောဆိုပေးနေတာ ဖြစ်ပါတယ်။ ဂမ်ဘီယာ အနောက်အာဖရိကနိုင်ငံ သဘာ၀၀န်းကျင်ဝန်ကြီး ပါအိုစမင်ဂျာဂျူကတော့ “ဆုံးရှုံးပျက်စီးမှုတွေဟာ ကျနော်တို့အတွက်ကတော့ ပြောလို့ကို မရတဲ့ အရာပါပဲဗျာ။ တကယ်လို့သာ လုံလောက်တဲ့ ဆွေးနွေးကိုင်တွယ်မှု မလုပ်ကြဘူးဆိုရင်တော့ ပါရီညီလာခံက ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။ မစ္စတာဂျာဂျူးဟာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ၄၈ နိုင်ငံဆွေးနွေးညှိနှိုင်းရေး အုပ်စုရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ မော်လ်ဒိုက်နဲ့ ပစ္စိဖိတ် တာဗလူကျွန်းလို အနိမ့်ပိုင်းကျွန်းတွေကတော့ တဖြည်းဖြည်း ပင်လယ်ရေ အောက်ကို နစ်မြုပ်နေတဲ့အတွက် ဘယ်လိုကိုင်တွယ်ဆောင်ရွက်မှု မျိုးမှာမဆို လျှော်ကြေးက ပါနေမှာပဲလို့ အခိုင်အမာဆိုကြပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ရာသီဥတု အပြောင်းအတွက် လျှော်ကြေးပေးရေးကိစ္စဟာအတော်ကြီး အငြင်းပွားစရာပါ။ ပါရီညီလာခံမှာ လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်တဲ့ နောက်ဆုံး မူကြမ်းဟာလည်း အဆုံးအဖြတ် မလုပ်ခင် အများကြီးလုပ်စရာတွေ ကျန်နေသေးတယ်ဆိုတာကို ပြသနေပါတယ်။ ရလဒ်က ဘယ်လိုပဲဖြစ်စေ ဒီကိစ္စက ချမ်းသာတဲ့ နိုင်ငံကြီးတွေက ဒေါ်လာဘီလျံ ရာပေါင်းများစွာ ဥပဒေအရ တာဝန်မကင်းမှုအတွက် ပေးလာရမှာကိုစိုးတဲ့အတွက် ဘယ်သဘောတူညီချက်မှာမှ “လျှော်ကြေး” နဲ့ “တာဝန်မကင်းမှု” ဆိုတဲ့ စကားလုံးတွေ ပါလာမှာ မဟုတ်တာကတော့ သေချာတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ ရာသီဥတု အပြောင်းဆိုင်ရာ အမေရိကန်အထူးသံတမန် တော့ဒ်စတန်းကတော့ “ပျက်စီးဆုံးရှုံးမှု တွေအတွက် လျှော်ကြေးနဲ့ တာဝန်မကင်းမှု ရှိသင့်တယ်ဆိုတဲ့ အယူအဆ ကိုကျနော်တို့ လက်ခံလိမ့်မယ်မဟုတ်ပါဘူး။ အဲဒါဟာ ကျနော်တို့ကျော်လို့မရတဲ့ စည်းပါပဲ”လို့ ဒီသတင်းပတ်ထဲမှာ ပြောဆိုခဲ့ပါတယ်။ ပါရီရာသီဥတု အပြောင်းဆိုင်ရာ ညီလာခံကြီးကတော့ ဒီနေ့ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ မလုပ်မနေရ ဆုံးဖြတ်ချက်မျိုးတွေ ချမှတ်နိုင်ပါ့မလား။ ရေရေရာရာရှိတဲ့ လုပ်ငန်းအစီအစဉ် တွေရောချ မှတ်နိုင်ပါ့မလား။ လျှော်ကြေး တောင်းနေတဲ့ နိုင်ငံတွေအတွက်ရော မျှော်လင့်ချက် ရှိပါ့မလားဆိုတာကတော့ မကြာခင်ထွက်ပေါ်လာတော့မှာပါ။ စိုးနေလင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up