နေပြည်တော်ကျောက်မျက်ရောင်းချပွဲမှ ကျပ်သိန်း ၈ သောင်းကျော် ရောင်းရ

ဓာတ်ပုံ - MOI
585
နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ကျောက်မျက်ရိုင်းတွေနဲ့ ကျောက်စိမ်းအသားကျောက်တွေကို ကျပ်ငွေနဲ့ ရောင်းချရာမှာ ကျပ်သန်း ၈၀၈၄၁ ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ပြပွဲကျင်းပရေး ကော်မတီ၊ စီမံရေးရာ လုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၉ ရက်က စတင်ခဲ့ပြီး ၅ ရက်ကြာကျင်းပခဲ့တဲ့ အဲဒီပွဲအပြီးမှာ သတင်းမီဒီယာတွေကို တွေ့ဆုံ ပြောကြားခဲ့တာပါ။
ကျောက်မျက် အတွဲပေါင်း ၇၅ တွဲရောင်းချတာမှာ ကျပ်သန်း ၁၆၉၀၊ ကျောက်စိမ်းအတွဲ ၅၅၃၁ တွဲ ရောင်းချတာမှာ ကျပ်သန်း ၇၉၁၅၁ ရရှိခဲ့တာပါ။
လောလောဆယ်ကတော့ အာမခံငွေ ၅ ရာခိုင်နှုန်းရထားပါပြီ။ နောက် ရက်ပေါင်း ၉၀ အတွင်းမှာ တန်ဖိုးငွေတွေကို ပေးချေရမှာပါ လို့ ပြပွဲကျင်းပရေးကော်မတီ၊ စီမံရေးရာ လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောပါတယ်။
“ဒီပွဲမှာ အရင်ပွဲကထက် ၀ယ်ယူသူတွေ ပိုလာခဲ့ပေမယ့် ရောင်းချရငွေကတော့ လျော့နည်းခဲ့ပါတယ်။ ဒါဟာ ကျောက် ဈေးကွက်အေးနေတာ ဖြစ်သလို မြန်မာ့ ကျောက်စိမ်းရဲ့ အဓိက ဖောက်သည်ဖြစ်တဲ့ တရုတ်လူမျိုး တွေရဲ့ ၀ယ်လိုအားကြောင့်လည်း ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။
ဒီပွဲကို ပြည်တွင်းက ကျောက်ကုန်သည် ၁၇၀၀ ကျော်တက်ရောက်ခဲ့တာပါ။ ဘယ်သူတွေနဲ့ ဘယ်ကုမ္ပဏီက ကျောက်မျက်နဲ့ ကျောက်စိမ်း အများဆုံး ၀ယ်ယူခဲ့သလဲဆိုတာကတော့ ပြောပြလို့ မရပါဘူးလို့ ဦးသန်းဇော်ဦးက ပြောပါတယ်။
ရောင်းချသူတွေထဲမှာ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ နိုင်ငံတော်နဲ့ အကျိုးတူ ကုမ္ပဏီတွေ၊ သမ၀ါယမ အသင်းတွေနဲ့ လိုင်စင်ရထားသူတွေ ပါဝင်ပါတယ်။
ကျောက်မျက်ရောင်းချသူတွေဟာ ရောင်းရငွေထဲက ၁၅ ရာခိုင်နှုန်းကို အခွန်ငွေအဖြစ် ပေးသွင်းရမှဖြစ်ပြီး အကျိုးတူ ကုမ္ပဏီတွေကတော့ နောက်ထပ် ၂၅ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးရမှာပါ။
ရောင်းချခဲ့ရတဲ့ ကျောက်မျက်နဲ့ ကျောက်စိမ်းတွေထဲမှာ နိုင်ငံတော်နဲ့အကျိုးတူ ကုမ္ပဏီတွေက ရောင်းရတာ ဘယ်လောက်ပါသလဲ စာရင်း မလုပ်ရသေးတဲ့အတွက် ဒီပွဲကနေ နိုင်ငံတော်က ဘယ်လောက်ရမယ် ဆိုတာကိုလည်း ပြောလို့မရသေးပါဘူးလို့ ဦးသန်းဇော်ဦးက ဆိုပါတယ်။
ရောင်းချတဲ့အထဲမှာ ကျောက်စိမ်းတွဲတစ်တွဲက ကျပ်သိန်း ၃၈၀၀ နဲ့ အမြင့်ဆုံး တင်ဒါရရှိခဲ့တာဖြစ်ပါတယ်။