Home
မြန်မာသတင်း
အဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ်များကို စွမ်းရည်မြှင့်သင်တန်း ၁ လ ပို့ချမည်
ရွှေအောင်
·
December 13, 2015
12301761_1190880240926993_5478019182741504590_n-622x350
အဖွဲ့ချုပ် ရွေးကောက်ခံကိုယ်စားလှယ်တွေကို ဒီဇင်ဘာ ၁၆ ရက်ကနေ ဇန်န၀ါရီ ၁၆ ရက်အထိ ၁ လကြာ အသုတ်လိုက် သင်တန်းပို့ချသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ်များ စွမ်းရည်မြင့်တင်ရေးသင်တန်း တာဝန်ခံ ဦးမျိုးရန်နောင်သိန်းက ပြောပါတယ်။ နေပြည်တော်၊ပြည်နဲ့ ရန်ကုန်မြို့တို့မှာ ဘာသာရပ် ၁၂ ခုကို သင်တန်းဆရာ ၈ ဦးက သင်တန်းပို့ချမှာဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်တွေ မဖြစ်မနေ သိထားရမယ့် ဘာသာရပ်တွေ ပို့ချမှာလို့ ပြောပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်တွေ မဖြစ်မနေ သိထားရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းတွေ၊ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ဥပဒေတွေ၊ လွှတ်တော်အတွင်း လုပ်ထုံးလုပ်နည်းတွေ၊ အစိုးရယန္တရားလည်ပတ်ပုံတွေ၊ ဖက်ဒရယ်အကြောင်းတွေ၊ ဘတ်ဂျက်အကြောင်းတွေ၊ အဖွဲ့ချုပ်ရဲ့သမိုင်းကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ အဖွဲ့ချုပ်ရဲ့ ကြေညာစာတမ်းတွေ ပါပါမယ်။” သင်တန်းပို့ချပြီးရင် စာမေးပွဲစစ်မှာဖြစ်ပြီး ဘာသာရပ်တိုင်းကို စစ်မှာမဟုတ်ဘဲ ဖွဲ့စည်းပုံနဲ့ အဖွဲ့ချုပ်စည်းမျဉ်းစည်းကမ်းတို့ကိုပဲ စစ်ဆေးမယ်လို့ ဆိုပါတယ်။ ဒီသင်တန်းတွေကို အဖွဲ့ချုပ်က ရွေးကောက်ခံကိုယ်စားလှယ် ၈၀၀ ကျော် အားလုံး တက်ရောက်ရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလဆန်းပိုင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အောက်ပိုင်းက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ပထမဆုံး တွေ့ဆုံခဲ့ကတည်းက ဒေါ်စုက ကိုယ်စားလှယ်တွေ သင်တန်းတက်ရမယ်၊ စာကျက်ထားကြပါလို့ တပါတည်း မှာကြားခဲ့ပြီး အခု သင်တန်းအစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024