ခြိမ်းခြောက်ခံရမှုကြောင့် ဘန်ကောက်အဲဝေးခရီးစဉ် ဖျက်သိမ်း

ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ကော့စမွိခရိုင်ကို သွားမယ့် ဘန်ကောက်အဲဝေး လေကြောင်းလိုင်းဟာ ခြိမ်းခြောက်ခံရတဲ့အတွက် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ နိုင်ငံခြား ခရီးသည် ၂ ဦး စကားများရာက တဦးက လေယာဉ်ကို ဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သုဝဏ္ဏဘုံမိ လေဆိပ် အထွေထွေမန်နေဂျာကို ကိုးကားပြီး ဘန်ကောက်ပိုစ်သတင်းမှာရေးပါတယ်။ ဒီအတွက် ကောစမွီခရိုင်ကို ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီ ၂၀ မိနစ်မှာ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ပီဂျီ ၁၄၅ လေယာဉ်က ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ လုံခြုံရေးတာဝန်ရှိသူတွေ စစ်ဆေးဖို့အတွက် ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်းတွေ အားလုံးလည်း လေယာဉ်ကနေ ထွက်ခွာဖို့ အမိန့်ပေးခဲ့သလို ခရီးသည်အိတ်တွေကိုလည်း အိပ်ခ်ျရေးနဲ့ ပြန်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးရာမှာ တစုံတရာသံသယရှိစရာမတွေ့ရဘူးလို့ လုံခြုံရေး အရာရှိတွေက ပြောသလို ခရီးသည် ၂ ဦးကိုလည်း တရားဥပဒေအရ အရေးယူသွားဖို့ ဘန်ကောက်အဲဝေးက ဆုံးဖြတ်လိုက်ပါတယ်။ အပြစ်ရှိကြောင်း တွေ့ရရင်တော့ ခရီးသည်တွေက ဘတ်ငွေ ၂ သိန်း ဒါမှ မဟုတ် ထောင်ဒဏ် ၅ နှစ် (သို့) ၂ ခုလုံး ပူးတွဲကျခံရမယ်လို့ ဆိုပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၉၉ ဦး လိုက်ပါဖို့ရှိနေသလို ဒီခရီးစဉ်ကို ည ၇ နာရီခွဲမှာ ပြန်လည်ရွှေ့ဆိုင်းပြီး ပီဂျီ ၁၈၇ လေယာဉ်နဲ့ ပြန်လည်သွားရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up